Tuesday 11 April 2023

သတ်သတ်လွတ် ကြက်ဟင်းခါးသီးဟင်း

 



ဒီနေ့တော့ ကြက်ဟင်းခါးသီးကို မြေပဲလှော် အုန်းသီးတို့နံ့ စိမ့်စိမ့်မွှေးမွှေး အရသာလေး ရလာအောင် ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ သတ်သတ်လွတ် ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး အကျစ်သီး - အနေတော် လေးလုံး
  2. မြေပဲလှော်ပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
  3. အုန်းသီးခြစ်ပြီးသား - ထမင်းစားဇွန်း ၇ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ပြစ်လိုက်ပါ
  • လှော်ပြီးသာ မြေပဲကို ညက်နေအောင် ကြိတ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ထောင်းထားသော မြေပဲနှင့် အုန်းသီးတို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  မိနစ်ဝက်လောက် ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေအနေတော်လောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မြေပဲအရသာ စိမ့်စိမ့်လေးနဲ့ အုန်းသီးနံ့လေးသင်းနေတဲ့ ကြက်ဟင်းခါးသီးဟင်း စိမ့်စိမ့်စပ်စပ်လေးကို စားသုံးရန် ပြင်ဆင်ပေး နိူင်ပါပြီ။

No comments:

Post a Comment