Sunday 5 March 2023

ပျားသံပုရာလုပ်နည်း

 















အခုလပိုင်း အတွင်းမှာ မာမာက သင်တန်းတစ်ခု တက်နေတော့ မနက်ကိုးနာရီကနေ နေ့လည် နှစ်နာရီခွဲအထိ ထိုင်နေရတဲ့ အချိန်က များခဲ့ပါတယ်။

ဒီတော့ ဗိုက်မှာ အဆီတွေ စုလာသလို့ ဝိတ်လဲ တက်လာခဲ့ပါတယ် လေ့ကျင့်ခန်းကိုလဲ အချိန်မရတဲ့အတွက် မလုပ်နိူင်တော့ပါဘူး။

အဲဒီအခါမှာ စားသမျှက ခန္ဓာကိုယ်မှာ စုလာတဲ့ အဆီတွေကို ဘေးထွက်ဆိုးကျိုး မရှိဘဲ ဖယ်ထုတ်နိူင်မဲ့ နည်းလမ်းလေးတွေကို ရှာဖွေရပါတော့တယ်။

တွေ့သမျှ နည်းလမ်းလေးတွေထဲက ကိုယ်နဲ့သင့်တော်မဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ရပါတယ် အဲဒီအထဲတွေထဲကမှ ပျားသံပုရာ လုပ်နည်းလေးက ကိုယ့်အတွက် အဆင်ပြေခဲ့ပါတယ်။

လုပ်နည်းလေးလဲ လွယ်သလို ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှာ ရှိနေတဲ့ အဆီတွေကို အားကစား လုပ်စရာ မလိုသလို အစားကိုလဲ ရှောင်စရာမလိုပဲ အဆီကျစေတဲ့ ပျားသံပရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သံပုရာသီး - ၁၂လုံး
  2. ပျားရည်စစ်စစ် - 850 g (မိမိနှစ်သက်တဲ့ ပျားရည်စစ်စစ်ကို သုံးပေးပါ)
  3. ဆား - ထမင်းစားဇွန်း သုံးဇွန်း
  4. ဖန်ပုလင်းသန့်သန့် - နှစ်လုံး
  5. စဉ့်နီတုန်းသန့်သန့်
  6. ဓါးသန့်သန့်
ပြင်ဆင်ပုံ
  • အရင်ဆုံး ပျားသံပုရည်မှာ မှိုမတက်စေရန်အတွက် မိမိအသုံးပြုမည့် ပစ္စည်းများနှင့် မိမိရဲ့ လက်ကို သန့်စင်အောင် လုပ်ပေးပြီးမှ ပစ္စည်းများကို ကိုင်တွယ်ပေးပါ
  • သံပုရာသီးမှာ ကပ်များနေသော ဖုန်ကိုများ ပိုးအိမ်များကို ရေစင်အောင် ဆေးပေးပါ
  • ရေဆေးပြီး သန့်စင်ထားသော သံပုရာသီးများနှင့် ဆားတို့ကို ဇလုံထဲမှာ ထည့်ကာ ငါးမိနစ်ခန့် နယ်ပေးပါ
  • ဆားနယ်ထားသော သံပုရာသီးများကို ဆယ်မိနစ်ခန့် ထားပြီးမှ ရေနှင့် လေးငါးခါလောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ သံပုရာသီးနှင့် ဇလုံမှာ ကပ်နေသော ရေများကို ခြောက်သွားအောင် သုတ်ပေးပါ
  • အသုံးပြုမည့် စဉ့်နီတုံးနှင့် ဓါးကိုလဲ သန့်စင်အောင် ဆေးထားကာ ရေသုတ်ပေးထားပါ
  • ပျားသံပုရာ ထည့်မည့် ဖန်ပုလင်းကိုလဲ သန့်စင်အောင် ဆေးပေးကာ ရေနွေးပူပူနှင့် ဆေးကာ အခြောက်ခံထားပါ
  • မာမာကတော့ သံပုရာသီး ၁၂လုံးအတွက် ဖန်ပုလင်း နှစ်လုံးကို သုံးထားပါတယ်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ သံပုရာသီးများကို အကွင်းလိုက် ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • သံပုရာသီးအားလုံး လှီးပြီးတာနဲ့ ဖန်ပုလင်းထဲမှာ စီပြီးထည့်ပေးပါ
  • သံပုရာသီးများ ထည့်ပြီးတာနဲ့ ပျားရည်စစ်စစ်ကို သံပုရာသီးများ မြုပ်တဲ့အထိ ထည့်ပေးကာ အဖုံးကို လေလုံအောင် အုပ်ပေးပါ
  • ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်ပါတ်လောက် ထားပေးပါ
  • တစ်ပါတ်လောက် ရလာတာနဲ့ ပျားရည်နဲ့ သံပုရာသီးထဲမှ ထွက်လာတဲ့ ပျားသံပုရာရည်ကို အသုံးပြုလို့ ရပါပြီ။
ပျားသံပုရည်သောက်ရန်
  1. မနက်နှင့် ည နှစ်ကြိမ် သောက်ပေးပါ
  2. ကော်ဖီပန်းကန်လုံး ခပ်ကြီးကြီးထဲမှာ သံပုရာကွင်း သုံးကွင်းနှင့် ပျားသံပုရာရည် ထမင်းစားဇွန်း တစ်ဇွန့်ခန့် ထည့်ပေးပါ
  3. ထိုအထဲကို ပွက်ပွက်ဆူနေသော ရေနွေးအပြည့်ထည့်ကာ မိမိသောက်နိူင်သည့် အနေအထား ရောက်တာနဲ့ ကုန်အောင် တစ်ခါထဲ သောက်ပေးပါ
  4. ပန်းကန်ထဲမှာ ကျန်နေသော သံပုရာသီးကို မာမာကတော့ ရေဆာရင် ဆာသလို ရေနွေးလေးထည့်ပြီး သောက်ပါတယ်
  5. ညဘက်အတွက်ကိုလဲ အထက်ပါနည်းအတိုင်း ပြင်ဆင်ပြီး သောက်ပေးပါ။


No comments:

Post a Comment