Friday 3 March 2023

သရက်သီးသနပ်


ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေးလဲ စားလို့ရပြီး ထမင်းစားလို့လဲ မြိန်စေမဲ့ သရက်သီးအခြောက် လှမ်းပြီးသားလေးတွေကို အရသာ စပ်ပြီးသား မဆလာနဲ့ သရက်သီး သနပ်လေး လုပ်ဖြစ်ပါတယ် ပြင်ဆင်ရတာ လွယ်သလောက် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

သရက်သီးစိမ်း အခြောက် -  ၅လုံး  500 g ခန့်
ကြက်သွန်ဖြု - အမွှာကြီးကြီး ၁၀မွှာ (သို့)  မိမိနှစ်သက်သလောက် ထည့်ပေးပါ
နံနံစေ့- ထမင်းစားဇွန်း နှစ်ဇွန်း
မုံညှင်းစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
မဆလာ - ထမင်းစားဇွန်း နှစ်ဇွန်း
ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး

သရက်သီးခြောက် ပြင်ဆင်ပုံ
သရက်သီး အခြောက်ကို ပေါင်းခံဇကာထဲ ထည့်ပေးပါ
ပေါင်းအိုးအောက်ခံအိုးမှာ ရေတဝက်လောက်ထည့်ပြီး ပေါင်းခံဇကာကိုတင်ကာ အဖုံးအုပ်ပေးပြီး မီးအနေတော်နှင့် ပေါင်းပေးပါ
နာရီဝက်လောက် ပေါင်းပြီးတာနဲ့ သရက်သီးခြောက်များ နူးအိလာပါက ပေါင်းခံဇကာကို မီးဖိုပေါ်မှ ဖယ်ပေးပါ
ပြီးတာနဲ့ ဇောက်နက်သော ပန်းကန်လုံး တခုထဲမှာ ထည့်ထားပေးပါ

ပြင်ဆင်ပုံ
သရက်သီး သနပ်လုပ်ရန် ပေါင်းထားသော သရက်သီးခြောက် ပန်းကန်လုံးကို အဆင်သင့် ပြင်ထားပါ
နံနံစေ့နှင့်မုံညှင်းစေ့ကို ပန်းကန်ထဲထည့်ပြီး အဖုံးအုပ်ကာ မိုက်ခရိုဝေ့ထဲထည့်ပြီး တမိနစ်လောက် အပူပေးထားပါ 
မိုက်ခရိုဝေ့ မရှိပါက ဒယ်အိုးထဲမှာထည့်ပြီး  မွှေးလာတဲ့အထိ လှော်ပေးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် အစိတ်လေးတွေ စိတ်ထားပေးပါ
သရက်သီး ထည့်ထားသော ပန်းကန်လုံးထဲမှာ ငရုတ်သီး အရောင်တင်မှုန့် နံနံစေ့ မုံညှင်းစေ့ မဆလာနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထားပါ
ဆီကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး ပူလာအောင် အပူပေးထားပါ
ဆီပူလာတာနဲ့ မီးဖိုပေါ်မှဖယ်ကာ သရက်သီး ပန်းကန်လုံးထဲကို လောင်းထည့်ပြီး အရသာ သမသွားအောင် မွှေထားပေးပါ
သရက်သီးအခြောက်မှာ နေလှန်းစဉ်က ဆားနယ်ပြီး လှမ်းထားတဲ့အတွက် အငံထပ်ထည့်စရာ မလိုပါ။
အားလုံး သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲ ထည့်ပေးပါ
ပြီးတာနဲ့ သရက်သီးကို ဆီမြုပ်အောင်ထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပေးပါ
ဆီပါတဲ့ သရက်သီး သနပ်ဖြစ်တဲ့အတွက် တခါခပ်ယူတိုင်း ဇွန်းသန့်သန့်နှင့် ခပ်ပေးပါ
ခပ်ယူတဲ့ဇွန်း မသန့်ပါက မှိုတက်လွယ်ပါတယ်
အရသာ အလွန်ရှိလှသော သရက်သီးသနပ် မွှေးမွှေးလေးကို ရေခဲသေတ္တာထဲမှာ ထည့်ပေးပြီး သုံးဆောင်နိူင်သလို  ချက်ချင်းလဲ စားလို့လဲ ရနိူင်ပါတယ်။

No comments:

Post a Comment