Monday 28 December 2020

သင်္ဘောသီး မုန့်ဖတ်ထောင်း




ဒီနေ့တော့ သင်္ဘောသီး အစိမ်းလေးတွေ ဝယ်လာပြီး မုန့်ဖတ်လေးနဲ့ ထောင်းစားဖြစ်ပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလိုလေး စားရတာ ပါးစပ်ထဲမှာ ခံတွင်းတွေ့သလိုလဲ ခံစားရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သင်္ဘောသီး ခြစ်ပြီးသား - လက်တစ်ဆုတ်စာ
  2. မုန့်ဖတ် - လက်တစ်ဆုတ်စာ
  3. ပုဇွန်ပြုပ်ပြီးသား - အကောင်ကြီးကြီး ၇ကောင်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ယိုးဒယား ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. သံပုရာသီး - တစ်လုံး
  9. ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  11. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
  12. မြေပဲလှော် - မိမိနှစ်သက်သလောက် ထည့်ပါ
  13. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံးခန့်
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ  ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
  • မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ သုံးရမဲ့ ငါးပိရည် ငံပြာရည်နှင့် အရသာမှုန့်တို့ ကို ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
  • ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ ခရမ်းချဉ်သီး ပုဇွန်ထုတ် သင်္ဘောသီးနှင့် မုန့်ဖတ်တို့ကို ထည့်မွှေပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ မြေပဲလှော်ထည့်ပေးပြီးတာနဲ့ ချဉ်ငံစပ် သင်္ဘောသီး မုန့်ဖတ်ထောင်းလေးကို စားသုံးရန်  ပြင်ဆင်ပေးနိူင်ပါပြီရှင် ။

No comments:

Post a Comment