ဒီနေ့တော့ မြန်မာမုန့်တစ်မျိုးဖြစ်တဲ့ အောင်ဗလကြော်လေးတွေ ကြော်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး ပြင်ရဆင်ရတာလဲ အရမ်းမခက်ခဲတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- နူးအိနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (လိုတိုးပိုလျှော့ လုပ်ပေးပါ)
- ဆီ - လိုသလောက် သုံးပေးပါ
- သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
ပြင်ဆင်ပုံ
- ကုလားပဲခြမ်းကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နူးအိနေအောင် ပြုပ်ပေးပြီး အေအးခံထားပါ
- ပြုပ်ထားသောပဲများ အေးလာတာနဲ့ ဇလုံခပ်ကျယ်ကျယ် တစ်လုံးထဲမှာ ပြုပ်ပြီးသားပဲများ ကောက်ညှင်းမှုန့် ဆန်မှုန့် အုန်းသီးမှုန့်နှင့် ဆားတို့ကို ထည့်ပေးပါ
- ရေကို အမှုန့်များ ထည့်ထားသော ဇလုံထဲကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
- မုန့်သားပျော့လာတဲ့အထိ ရေကိုထည့်ပြီး နယ်ပေးပါ
- အုန်းသီးခြစ်ပြီးသား အစိုကိုသုံးပါက မုန့်သားစပ်ရာတွင် ရေကိုထည့်သင့်မှ ထည့်ပေးပါ
- ကုလားပဲပြုပ်နှင့် အုန်းသီးအစိုတို့မှာ အရည်ပါ၀င်တဲ့အတွက် အရမ်းမပျော့စေရန် သတိထားပါ
- ရေကို ချင့်ချိန်ပြီး ထည့်ပေးပါ ရေအရမ်းများရင်လဲ မုန့်သားက ပျော့ပြဲပြီး လုံးလို့မရဘဲ ဖြစ်တတ်ပါတယ်
- မာမာက အုန်းသီးမှုန့် အခြောက်နဲ့ လုပ်တဲ့အတွက် ရေအနည်းငယ် ထည့်သုံးပါတယ်
- မုန့်သားအနေတော်ဖြစ်ပါက မုန့်ကြော်ရာတွင် ဆီမပေါက်စေရန် အနည်းဆုံး လေးနာရီလောက် နှပ်ထားပေးပါ
- မုန့်သားနှပ်ထားတုန်း သကြား ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခြဲကို ရေ တမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးထည့်ပြီး ခပ်ပြစ်ပြစ် အနေအထားရအောင် ကျိုထားပေးပါ
- မုန့်သားနှပ်ထားချိန် လုံလောက်ပါက မုန့်သားကို လက္တစ္ဆုတ္စာ အလုံးလေးလောက် လုံးပေးပါ
- ဆီကိုပူအောင်တည်ပြီးမှ မုန်းသားအလုံးကို လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ခပ်ပြားပြားလေး ရလာအောင် ဖိပေးပြီးမှ ဆီအိုးထဲထည့်ပေးပါ
- ကြော်နေစဉ် ဆီအရမ်း မပူအောင် မီးကို အနေတော် ထားပေးပါ
- မုန်လုံးလေးများ တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
- နောက်တစ်ဖက်ပါ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆီစစ်သွားပါက အအေးခံထားသော သကြားရည်ထဲ စိမ်ပေးကာ ဆယ်ပြီးအခြောက်ခံပေးပါ
- အခြောက်ခံထားစဉ် သကြားများ ပွင့်လာပါက မွှေးပြီးစိမ့်နေတဲ့ အောင်ဗလကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment