Saturday, 21 November 2020

ကြက်သနီချက်


 ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ကြက်သနီချက်လေး ချက်စားဖြစ်ပါတယ် ချက်နည်းလေးကတော့ ဝက်သနီချက်နည်းလေး အတိုင်းပါဘဲ မာမာတို့က ဝက်သား အမဲသား စားခဲတော့ ကြက်သားကိုဘဲ ချက်လိုက်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ
  3. ကြက်သွန်နီ - အလုံးခပ်သေးသေး ခွန်နှစ်လုံးခန့်
  4. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံခန့်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခန့် (ဆီထဲထည့်ကြော်ရန်)
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားနှင့်နယ်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ပြီးတာနဲ့ ဇလုံထဲထည့်ပြီး ကြက်သား နနွင်းမှုန့် ဆား သကြား ငရုတ်ကောင်းမှုန့် အရသာမှုန့်နှင့် ပဲငံပြာရည်ဆို့ ထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ အဖုံးအုပ်ကာ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီခန့် နှပ်ထားပါ
  • ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ အလုံးသေးတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်နီ အလုံးကြီးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သားနှပ်ထားတာ ရပြီဆိုတာနဲ့ ဟင်းချက်ဖို့ ပြင်ပါမယ်
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး သကြားကို ထည့်ကြော်ပေးပါ
  • သကြားထည့်ပြီးတာနဲ့ သကြားပျော်သွားအောင် မွှေပေးပါ
  • သကြားကို နီရောင်သန်းသလောက်ဘဲ ကြော်ပေးပါ
  • သကြားနီရောင်လေး သန်းလာတာနဲ့ အရသာ နယ်ထားတဲ့ ကြက်သားကို ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးကိုလှုပ်လှုပ်ပေးပြီး ငါးမိနစ်လောက် အိုးမကပ်အောင် လှုပ်ပေးပါ
  • ကြက်သားတုံးလေးတွေ ရဲလာပြီ ဆိုတာနဲ့ ကြက်သားတုံးများကို အထက်အောက် သမအောင် မွှေပေးပါ
  • ကြက်သားတုံးလေး အရောင်လှလာတာနဲ့ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ထည့်ထားတဲ့ရေ ခမ်းလာတာနဲ့ ကြက်သွန်ုဖြူ  ကြက်သွန်နီနှင့် ကြက်သွန်နီ အကွင်းလေးများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး ဆီပြန်တဲ့အထိ မီးအနေတော်နှင့် တည်ပေးပါ
  • ရေမခမ်းခင် အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာတာနဲ့ ကြက်သနီချက်လေးကို စားသုံးဖို့ ပြင်ပေးနိုင်ပါပြီ။

No comments:

Post a comment