Saturday 4 July 2015

ကြက်သားပေါင်း







ဒီနေ့တော့ ကြက်သားပေါင်းလေး ပေါင်းဖြစ်ပါတယ် အသားအတိုင်း ချက်ရတာ ညီးငွေ့လာတော့ တမျိုးပြောင်းပြီး ပေါင်းဖြစ်သွားပါတယ်။

တရုတ်စားသောက်ဆိုင်က ဝယ်စားတဲ့ ၀က်သားပေါင်း အရသာအတိုင်း ရတာမို့ စားရတာ အင်မတန် ကောင်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှ ဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ဂျုံမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
  5. ကြက်သွန်နီ - အနေတော် ၂လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
  7. ချင်း - လက်တဆစ်ခန့်
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ကြက်ဥ - ၂လုံး

ပြင်ဆင်ပုံ
  • ကြက်ပေါင်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရိုးများဖယ်၍ နုတ်နုတ်စင်းပေးထားပါ
  • ကြက်ဥကို ပန်းကန်တလုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ငရုတ်ကောင်းကို မှုန့်နေအောင် ထောင်းပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ဇလုံတလုံးထဲမှာ ကြက်သား ချင်း ဆား အရသာမှုန့် ဂျုံမှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အားလုံးနယ်ပြီးပါက ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ခလောက်ထားသော ကြက်ဥများ ထည့်ပြီး မွှေပေးပါ
  • အားလုံးပြီးတာနဲ့ ပန်းကန်လုံး တခုထဲ ပြောင်းပြီးထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂နာရာရီခန့် ထည့်ထားပေးပါ။
ပေါင်းနည်း

  1. နှပ်ထားသော ကြက်သား အရာသာနယ်များကို ပေါင်းမည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ
  2. ပေါင်းအိုးအောက်ခံအိုးကို ရေ တ၀က်သာသား ထည့်ပြီး ဆူအောင်တည်ပေးပါ
  3. ရေဆူလာပါက ပေါင်းဇကာထဲကို ကြက်သားပန်းကန်လေးများ ထည့်ပြီး ပေါင်းခံရေနွေးအိုးပေါ်တင်ပေးပါ
  4. ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
  5. ပေါင်းချိန် ၄၅မိနစ် ပြည့်ပါက ကြက်သားပေါင်း မွှေးမွှေးလေးကို စားသုံးရန်အတွက် ပြင်ဆင်ပေးလို့ ရပါပြီ။

2 comments:

  1. ကြက်သားပေါင်းနည်းလေးလဲ သေချာမှတ်သွားပါတယ် .... ဆီမပါလို့ ကျန်းမာရေးနဲ့ ညီညွတ်တယ် ....
    မန္တလေးပဲကြော် နဲ့ စားတော်ပဲပြုတ်လဲ အစ်မ ကျေးဇူးနဲ့ ကောင်းကောင်း လုပ်တတ်သွားလို့ အဆင်ပြေနေတယ် ..

    ReplyDelete
  2. အခုလို ကြားရလို့ ၀မ်းသာပါတယ် ညီမလေးရေ

    ReplyDelete