Wednesday, 23 October 2013

ငံပြာရည်ချက် စပ်စပ်လေး

ငံပြာရည်ချက်စပ်စပ်လေး

မာမာအခုရက်ထဲ ဟင်းလေးတွေမချက်ဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ် ဒီနေ့တော့စိတ်ထဲမှာ စားချင်တဲ့ဟင်းလေးကို ချက်ဖြစ်ခဲ့ပါတယ် ထမင်းကောင်းကောင်း  မစားချင်ခဲ့တဲ့ ရက်တွေအတွက် ခံတွင်းလိုက်စေမဲ့ အရံဟင်းလေးပါ။

ချဉ်ငံစပ်ဆိုရင် ထမင်းစားရတာ မိန်စေတဲ့အတွက် ဒီနေ့အတွက် ငံပြာရည်ချက်လေးတစ်မယ် ချက်လိုက်ပါတယ် တစ်ကယ်လဲ ထမင်းစားလို့မိန်ခဲ့ပါတယ် ထမင်းမိန်မိန်စားချင်လို့ ချက်စားကြည့်မယ်ဆိုရင် ချက်ရလွယ်တဲ့ ငံပြာရည်ချက် ချက်နည်းလေးကို မျှဝေချင်ပါတယ်။

ပါဝင်ရမှာလေးတွေက(သုံးယောက် နှစ်နပ်စာအတွက်)

  • ရေစိမ်ပြီးမညက်တညက် ထောင်းထားသော ပုဇွန်ခြောက်အကောင်ကြီးကြီး - လက်ဖက်ရည်ပန်းကန်လုံးတလုံးခွဲ
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - ကြီးကြီး တလုံး
  • အနေတော်စိတ်ထာသော ကြက်သွန်ဖြူ - ငါးမွှာ
ငံပြာရည်ချက်ချက်နည်း
  • မီးအနေတော်နှင့်ဆီကိုအပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ကိုအရင်ထဲ့ပြီးမှ ကြက်သွန်နီကို ပျော့သွားတဲ့ထိကြော်ပေးပါ
  • ကြက်သွန်နီပျော့ပြီး မွှေးလာပါက ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထဲ့ပြီး နှစ်မိနစ်လောက်မွှေပေးပါ
  • ပြီးလျှင်ငံပြာရည်ထဲ့ပြီး မွှေပေးပါ
  • ငံပြာရည်နံ့သင်းလာပါကရေ မြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေဆူတဲ့ထိတည်ပေးပါ
  • ဆီကျန်ရေကျန်ထားပြီး အပေါ့အငံမြည်းကာ မီးပိတ်ပေးပါ


ဒီနေ့အတွက်ငံပြာရည်ချက်နှင့်ဟင်းလျာပါ

2 comments:

  1. မမမာရေ လည်လည်မရောက်တာ ကြာသွားလို့ ကြည့်လိုက်တော့ ငံပြာရည်ချက်စပ်စပ်လေးရယ် တို့စရာရယ်
    ထမင်းမိန်စရာကြီးနော် သားရည်ကျသွားပါတယ် အမရေ..
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. လာလည်တဲ့အတွက် ကျေးဇူးပါညီမလေးရေ

      Delete