Thursday 11 July 2013

ပဲကြာဇံကြော်


ရာသီဥတုက ဆောင်းရာသီ ရောက်လာပြီမို့ ရာသီစာလေးတွေ နေ့တိုင်းလိုလို ချက်နေမိပါတယ် လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေနဲ့မို့လို့ ဆောင်းတွင်းရောက်တဲ့အခါ အသီးအရွက်ကြော်နဲ့ ထမင်းစားရတာသိပ်မြိန်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
  2. ကြက်သွန်နီ - တစ်လုံး
  3. ကြက်ဥ - တစ်လုံး
  4. ကြက်ရင်ပုံသား  - ခပ်သေးသေး တစ်ခု
  5. ဘရော့ကိုလီ - ၅ခက်ခန့်
  6. မုန်လာဥနီ - အနည်းငယ်
  7. ဘေဘီပြောင်းဖူး - ငါးဖူး
  8. ဂေါ်ဖီ - တစ်စိတ်
  9. ကိုက်လန် - နှစ်ပင်
  10. ကြက်သွန်မိတ် - နှစ်ပင်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ဆား - အနည်းငယ်
  13. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဟင်းခပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  16. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  17. ဆီ - စားပွဲတင်ဇွန်းကြီး တစ်ဝက်သာသာ
  18. နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ

ပြင်ဆင်ပုံ

  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို ခပ်ကြီးကြီး အနေအထား တုံးထားပါ
  • ဘရော့ကလီကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အမြှောင်းလေးတွေ လှီးပေးပါ
  • ကြက်သွန်မိတ်ကို လက်တစ်ဆစ်ခန့် လှီးထားပါ
  • ကြက်သားကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
  • ပြုပ်ထားသော ကြက်သားကို အနေတော် အသားတုံးလေးများရအောင် မွှပေးထားပါ
  • ကြဥကို ခလောက်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
  • ပူလာပါက ကြက်သွန်နီနှင့် အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ အသားမွှထားသော ကြက်သား ပဲကြာဇံထည့်ပြီး ငံပြာရည် ဆား ဟင်းခတ်မှုန့် ခရုဆီ ပဲငံပြာရည် တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့နှမ်းဆီ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ထိုင်းစတိုင်လ် ပဲကြာဇံကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

1 comment:

  1. ရာသီစာ အစိမ်းကြော်လေး အားပေးသွားပါတယ်နော် .. ^_^

    ReplyDelete