Sunday, 30 January 2022

ရုန်းပတေသီးကြော်

 

တစ်နေ့တစ်နေ့ ဘာချက်ရင် ကောင်းမလဲလို့ စဉ်းစားရတာလဲ အိမ်ရှင်မတွေအတွက် အလုပ်တစ်ခုလိုပါဘဲ
ဒီနေ့တော့ ရုန်းပတေသီးလေးတွေ အိမ်မှာအဆင်သင့် ရှိနေတာနဲ့ ကြက်ဥလေးနဲ့ ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်ူများ
  1. ရုန်းပတေသီး - ၁၅တောင့်ခန့်
  2. ကြက်ဥ - တစ်လုံး
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆား - အနည်းငယ်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ရုန်းပတေသီးကို အတောင့်လိုက် ရေဆေးပြီးမှ ထိပ်နှစ်ဖက်ကို ဖြတ်ပြီး ဖယ်ပေးကာ ပုံပါအတိုင်းလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းလာအောင် ထည့်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ကြက်ဥကို ထည့်ပြီး မွှေပေးပါ
  • ကြက်ဥများ ကျက်သွားတာနဲ့ ရုန်းပတေသီး ဆားနှင့် ပဲငံပြာရည်တို့ကိုထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ကာ နှစ်မိနစ်လောက် တည်ပေးပါ
  • အိုးအဖုံးကို ဖွင့်ပြီး အိုးအဖုံးမှာ ကပ်နေတဲ့ အရည်လေးများကို အိုးထဲကို သွန်ချပေးပြီး နောပ်ထပ်တစ်မိနစ်လောက် အိုးအဖုံးအုပ်ပြီး ဆက်တည်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပေးကာ စားလို့ကောင်းလွန်းတဲ့ ရုန်းအတေသီးကြော် ပူပူလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Wednesday, 26 January 2022

ချဥ်ငံစပ် ငှက်ပျောဖူးသုပ်



မာမာဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ငှက်ပျောဖူး သုပ်နည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောဖူး - အနေတော် တစ်ဖူး
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  8. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထက်ဝက်ခြမ်းပြီး ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ငှက်ပျောဖူးများကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ လှီးထားသော ငှက်ပျောဖူး ကြက်သွန်နီ ပုဇွန်ခြောက်မှုန့်  ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်ဖြူ ဆီချက်ဖတ် ငါးငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ငှက်ပျောဖူး အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Monday, 24 January 2022

Soba ခေါက်ဆွဲကြော်

 


ဒီနေ့တော့ ဆီးချိုသမားတွေနဲ့ သင့်တော်တဲ့ soba ခေါက်ဆွဲကို ကြော်ပါတယ် စားလို့ကောင်းသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Soba ခေါက်ဆွဲ - 350 g
  2. ပဲပြား - ခပ်ကြီးကြီး တစ်တုံး (ကြော်ပြီးသားကို သုံးပါ)
  3. ဘေဘီဘရော့ကိုလီ - အနေတော် လေးပင်
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
ခေါက်ဆွဲပြုပ်ပုံ
  1. အိုးတစ်လုံးထဲမှာ ရေခပ်များများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆူလာတာနဲ့ ခေါက်ဆွဲကို ထည့်ပြီးပြုပ်ပေးပါ
  3. Soba ခေါက်ဆွဲက နူးလွယ်ပြီး ပြတ်တောက်လွယ်တဲ့အတွက် ခပ်မြန်မြန်လေး ပြုပ်ပြီး ရေနွေးများ သွန်ပေးပါ
  4. ပြီးတာနဲ့ ရေအေးနဲ့ဆေးပြီး ရေစစ်ထားပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ သမအောင် နယ်ပေးထားပါ
  • ဘေဘီ ဘရော့ကိုလီကို ရေနွေးဆူဆူထဲမှာ နှစ်မိလောက် ပြုပ်ပေးကာ ရေနွေးသွန်ပြီး ရေအေးနဲ့ စိမ်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ပဲပြားကို မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို အရင်ဆုံး ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ပဲသီးနှင့် ပဲပြားတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့် ပဲငံပြာရည်အကျဲတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနဘေးကို တွန်းထားပြီး ရေနွေးဖျောထားသော ဘေဘီဘရော့ကိုလီကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Saturday, 22 January 2022

ကြက်ဟင်းခါးသီး ပုဇွန်အစာသွတ်

 


ကြက်ဟက်းခါးသီးလေးတွေ ဝယ်လာတာ များနေတော့ တစ်ပါတ်လုံးလိုလို ကြက်ဟင်းခါးသီးကို မျိုးစုံအောင်လုပ်ကာ ချက်စားနေမိပါတော့တယ်။
ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ပုဇွန်ထုတ်နဲ့ အစာသွတ်ကာ ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - အလုံးကြီးကြီး နှစ်လုံး 
  2. ပုဇွန်ထုတ် အခွံခွာပြီးသား - 250 g
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
  5. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း 
  6. ကြက်ဥ - တစ်လုံး
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲထည့်ပေးပါ)
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 

ပြင်ဆင်ပုံ

  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ပုံပါအတိုင်း လက်၃လုံးစာ အထူလေးတွေ လှီးပေးပါ 
  • လှီးထားသော ကြက်ဟင်းခါးသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ကြက်ဟင်းခါးစေ့များကိုဖယ်ပြီး အစေ့ခွံလေးများ ခွာပြီးယူထားပါ
  • ပုဇွန်ကို နုတ်နုတ်စဉ်းကာ ဆား နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ပုဇွန် ကြက်ဥ ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် အချိုမှုန့် ကော်မှုန့်နှင့် ဆီအနည်းငယ်တို့ကို ရောပြီးနယ်ထားပေးပါ
  • အသားကို အရသာ နယ်ပြီးတာနဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွတ်ပေးပါ
  • အစာသွတ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • အစာသွတ်ပြီးပြီ ဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ချန်ထားသော နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော အသားများ မာလာပါက အစာသွတ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပေးပါ
  • အထက်အောက် အသာလှန်ပေးပြီး အစာသွတ်ထားသော အသားများ မာလာပါက ရေမြုပ်အောင်ထည့်ပါ
  • ပြီးလျှင် ချန်ထားသော ဆားနှင့် အချိုမှုန့်ကို ထည့်မွှေပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပြီး ကြက်ဟင်းခါးသီး နူးလာပြီဆိုရင် အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိူင်ပါပြီ။  

Friday, 21 January 2022

ကြက်ဟင်းခါးသီး ကြက်သားအစာသွတ်



 ဒီနေ့တော့ အရင်ရက်က ချက်ဖြစ်တဲ့ ကြက်ဟင်းခါးသီးကို ကြက်သားနဲ့ အစာသွတ်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သား - 250 g
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
  5. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း 
  6. ကြက်ဥ - တစ်လုံး
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲထည့်ပေးပါ)
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 

ပြင်ဆင်ပုံ

  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ပုံပါအတိုင်း လက်၃လုံးစာ အထူလေးတွေ လှီးပေးပါ 
  • လှီးထားသော ကြက်ဟင်းခါးသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ကြက်ဟင်းခါးစေ့များကိုဖယ်ပြီး အစေ့ခွံလေးများ ခွာပြီးယူထားပါ
  • ကြက်သားကို နုတ်နုတ်စဉ်းကာ ဆား နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ကြက်သား ကြက်ဥ ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် အချိုမှုန့် ကော်မှုန့်နှင့် ဆီအနည်းငယ်တို့ကို ရောပြီးနယ်ထားပေးပါ
  • အသားကို အရသာ နယ်ပြီးတာနဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွတ်ပေးပါ
  • အစာသွတ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • အစာသွတ်ပြီးပြီ ဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ချန်ထားသော နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော အသားများ မာလာပါက အစာသွတ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပေးပါ
  • အထက်အောက် အသာလှန်ပေးပြီး အစာသွတ်ထားသော အသားများ မာလာပါက ရေမြုပ်အောင်ထည့်ပါ
  • ပြီးတာနဲ့ ချန်ထားသော ဆားနှင့် အချိုမှုန့်ကို ထည့်မွှေပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ကြက်ဟင်းခါးသီးများ နူးလာပြီဆိုရင် အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Thursday, 20 January 2022

ကြက်ဟင်းခါးသီး ကြက်ဥကြော်




မာမာဒီနေ့တော့ ကျန်ခဲ့တဲ့ လေးရက်လောက်က  ကြက်ဥနဲ့ ကြက်ဟင်းခါးသီးကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်ဥ - လေးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း လိုသလောက် သုံးပေးပါ
  7. မကပ်သောဒယ်အိုး - ခပ်သေးသေး တစ်အိုး
ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ အထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ မထူမပါး အနေတော်လေးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်ဟင်းခါးသီးများကို ထည့်မွှေပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း နှစ်ဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥနှင့် ကြက်ဟင်းခါးသီးကို အထက်အောက် သမအောင် မွှေပြီး ယောက်ချိုဇွန်း တစ်ဇွန်းစာ ခပ်ကာ ဆီအိုးထဲ ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ဒယ်အိုးထဲ ဆီထည့်လိုက် ကြက်ဥကို သမအောင် မွှေပေးလိုက်နဲ့ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ အရသာရှိသော ကြက်ဟင်းခါးသီး ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 19 January 2022

ကြာစွယ်ဟင်း

 

ဒီနေ့တော့ ကြာစွယ်လေးတွေ ဝယ်လာပြီး အချိုချက်လေး ချက်ပါတယ် ချိုအိအိ စေးကပ်ကပ်လေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုပ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြာစွယ် - 300 g
  2. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. နေကြာဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
ပြင်ဆင်ပုံ
  • ကြာစွယ်များကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ငါးမိနစ်လောက် ပြုပ်ပြီးတာနဲ့ ရေပူများပို သွန်ပေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့်ကြက်သွန်ဖြူကို ထည့်ပေးကာ အပူပေးပါ
  • ကြက်သွန်ဖြူများ အနည်းငယ်လေး နွမ်းလာတာနဲ့ ကြာစွယ်များ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် ခရုဆီနှင့် နှမ်းဆီမွှေးတို့ကို ထည့်မွှေပေးပါ
  • အရသာ သမတာနဲ့ ကြာစွယ်များ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေများ ခမ်းလာတာပြီး ဆီများပြန်ထွက်လာတာနဲ့ ကြာစွယ်ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။