ဒီနေ့တော့ အရင်ရက်က ချက်ဖြစ်တဲ့ ကြက်ဟင်းခါးသီးကို ကြက်သားနဲ့ အစာသွတ်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တစ်လုံး
- ကြက်သား - 250 g
- ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
- ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်ဥ - တစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲထည့်ပေးပါ)
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ပုံပါအတိုင်း လက်၃လုံးစာ အထူလေးတွေ လှီးပေးပါ
- လှီးထားသော ကြက်ဟင်းခါးသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ ကလော်ထုတ်ပေးပါ
- ကလော်ထုတ်ထားသော ကြက်ဟင်းခါးစေ့များကိုဖယ်ပြီး အစေ့ခွံလေးများ ခွာပြီးယူထားပါ
- ကြက်သားကို နုတ်နုတ်စဉ်းကာ ဆား နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ကြက်သား ကြက်ဥ ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် အချိုမှုန့် ကော်မှုန့်နှင့် ဆီအနည်းငယ်တို့ကို ရောပြီးနယ်ထားပေးပါ
- အသားကို အရသာ နယ်ပြီးတာနဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွတ်ပေးပါ
- အစာသွတ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
- အစာသွတ်ပြီးပြီ ဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ
- ဆီပူလာတာနဲ့ ချန်ထားသော နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်ပြီးဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာများကိုထည့်ပြီး ဆီသတ်ပါ
- ဆီသတ်ထားသော အသားများ မာလာပါက အစာသွတ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပေးပါ
- အထက်အောက် အသာလှန်ပေးပြီး အစာသွတ်ထားသော အသားများ မာလာပါက ရေမြုပ်အောင်ထည့်ပါ
- ပြီးတာနဲ့ ချန်ထားသော ဆားနှင့် အချိုမှုန့်ကို ထည့်မွှေပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ရေပွက်ပွက် ဆူလာပြီး ကြက်ဟင်းခါးသီးများ နူးလာပြီဆိုရင် အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment