ဒီနေ့တော့ ခရမ်းသီးကို မီးသွေးမီးဖိုနဲ့ ဖုတ်ထားပြီး ခရမ်းသီးသုပ်လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ခရမ်းသီး မီးဖုတ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခရမ်းသီး - အနေတော် နှစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- မြေပဲကြော် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
- နံနံပင် - နှစ်သက်သလောက်ပဲ
- ငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - စားနိူင်သလောက်အ
- ချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
- ခရမ်းသီးကို ရေဆေးပြီး ခရင်းဖြင့် ခပ်ကျဲကျဲ လိုက်ထိုးပေးပြီး မီးသွေးမီးခဲ အပေါ်မှာ တင်ပေးပါ
- ခရမ်းသီး တစ်လုံးလုံးကို ကျက်သွားတဲ့အထိ မီးဖုတ်ပေးပါ
- ခရမ်းသီး အလုံးကြီးပါက မီးဖုတ်ချိန်ကို ပိုပြီးဖုတ်ပေးပါ
- မီးဖုတ်ထားသော ခရမ်းသီး ကျက်သွားပါက အပြင်ထုတ်ပေးပြီး အခွံခွာပေးပါ
- ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားသော ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- မြေပဲကို ကျက်အောင်ကြော်ပြီး အခွံခွာကာ သန့်စင်ထားပါ
- အသုပ်ထဲမှာ ပါဝင်မည့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါ၀င်ပစ္စည်း အားလုံးကို ထည့်ပေးပါ
- ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ပဲဆီနံ့ သင်းပျံ့နေတဲ့ ခရမ်းသီး မီးဖုတ်သုပ် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိူင်သလို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment