အခုရက်ထဲ အသုပ်စုံလေးတွေဘဲ စားချင်မိလေတော့ အစာပလာတွေကို အလုပ်အားတုံး အဆင်သင့် ပြင်ထားပြီး စိတ်ထဲပေါ်လာတဲ့ အသုပ်လေးတွေကို လွယ်ကူမြန်ဆန်စွာနဲ့ သုပ်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာသုပ်စားဖြစ်တဲ့ ကြာဇံသုပ် ဖိုးသိုးဖတ်သတ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆန်ကြာဇံအခြောက် - 100 g
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ ဆီချက် - လိုသလောက်
- မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - လိုသလောက်
- နံနံပင် - လိုသလောက်
ကြာဇံပြုပ်ရန်
- ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ုပြီး အနည်းဆုံး သုံးနာရီလောက် ရေစိမ်ထားပါ
- ရေစိမ်ပြီးတာနဲ့ ရေများကို သွန်ပလိုက်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ထားပါ
- ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
- ရေနွေးထည့်ပြီးတာနဲ့ သုံးမိနစ်လောက် စိမ်ထားပြီး ရေနွေးကို သွန်ပေးကာ ရေစစ်ထားပါ
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
- ဆီချက်ငါး
- ငါးငံပြာရည်
- ပုဇွန်ခြောက်မှုန့်
- ပဲအကျက်မှုန့်
- အချိုမှုန့်
- ငရုတ်သီး အလှော်မှုန့်
- ကြက်သားမှုန့်
- မန်ကျည်းသီးမှည့်ရည်
- လှီးထားသော နံနံပင်
ကြက်သွန်ဖြူဆီချက် ချက်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့် ကြော်ပေးပါ
- ကြက်သွန်ဖြူများ အဝါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
- ဆီကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ
ဟင်းခါးချက်ရန်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
- ဆား လက်ဖက်ရည်ဇွန်း တစ်၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
အသုပ်တစ်ပွဲစာပြင်ရန်
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပေးပါ
- ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ ကြာဇံတစ်ပွဲစာနှင့် နံနံပင်ကိုထည့်ပါ
- ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ မကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- စားပွဲပြင်ပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ပြားထဲ ပြောင်းထည့်ပေးပါ
- ချဉ်ငံစပ် ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment