Thursday 8 September 2022

ပိန်းဥ ရေချိုဟင်း

 


အရင်တစ်ပါတ်က ဗီယက်နမ်ဈေးကိုသွားရင်း ပိန်းဥ လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတော့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အဖြစ် ချက်ဖြစ်ပါတယ်။

ကိုယ်စားလို့ အရသာရှိရှိ စားရလေတိုင်း မိတ်ဆွေတို့ကို သတိရမိတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပိန်းဥ - 500g
  2. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - ထမင်းစားဇွန်း (ပိန်းဥဆေးရန်)
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ပုဇွန်ခြောက်  - ၁၅ကောင်ခန့်
  11. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးစာ

ပြင်ဆင်ပုံ

  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • ပုဇွန်ကိုခြောက်ကို ရေဆေးပြီး ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ အခွံခွာထားသော ပိန်းဥ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ဆီထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ လုံးမိတာနဲ့ ရေကို အနေတော်ထည့်ကာ  ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိ လိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလို မိမိိစိတ်ကြိုက် ပြင်ပေးကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

1 comment: