Wednesday 7 September 2022

မုန့်ညှင်းဖြူကြော်ချက်




ဒီနေ့တော့ မုန့်ညှင်းဖြူ အရွက်လေးတွေနဲ့ ဝက်သားစင်းကောတို့ကို ​ ကြော်ချက် အရည်သောက်ဆမ်း ဟင်းရည်တစ်မယ် ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မိတ်ဆွေတို ချက်စားနိူင်အောင်အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ဝက်သားစင်းကော - မိမိနှစ်သက်သလောက်
  2. မုန့်ညှင်းဖြူ - အနေတော် တစ်စိတ်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. နနွင်းမှုန့် - အနည်းငယ်
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
ပြင်ဆင်ချက်ပြုပ်ပုံ
  • မုန့်ညှင်းဖြူကို မထူမပါးလေးတွေ လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဟင်းရာမှာ ပါဝင်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဝက်သားစင်းကောပို ထည့်ကြော်ပေးပါ
  • ဝက်သားစင်းကော အသားလေးတွေ မွလာတာနဲ့ ရေမြုပ်အောင် ထည့်ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေများ ခမ်းသွားတာနဲ့ ဝက်သားများကို ဒယ်အိုးဘေးမှာ ခနတွန်းထားပြီး ကြက်သွန်ဖြူကို နွမ်းတဲ့အထိ ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူများ နွမ်းသွားတာနဲ့ ဝက်သားနှင့် ရောမွှေကာ မိနစ်ဝက်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ မုန့်ညှင်းဖြူများကို ထည့်မွှေပေးကာ ဆား အရသာမှုန့်နှင့် ရေအနည်းငယ်တို့ကိုထည့်ကာ တည်ပေးပါ
  • မုန့်ညှင်းဖြူများ နွမ်းသွားတော့မှ ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ခပ်ပေးကာ သုံးဆောင်နိူင်ပါပြီ။ 

No comments:

Post a Comment