ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ သံပုယိုသီး အမွှာထောင်းလေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီးထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- သံပုယိုသီး - အလုံးကြီးကြီး နှစ်လုံး
- ပုဇွန်ငပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
- မြေပဲလှော် - ထမင်းစားဇွန်း လေးဇွန်း
- ငရုတ်သီး အလှော်မှုန့် - မိမိစားနိူင်သလောက်ထည့်ပါ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ကြက်သွန်နီ -အလုံးခပ်သေးသေး သုံးလုံး
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သံပုယိုသီး ဆားရည်စိမ်ရန်)
ပြင်ဆင်ပုံ
- ဆားကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးသာသာနှင့် ဖျော်ထားပါ
- သံပုယိုသီးကို အခွံခွာပြီး အဖြူရောင် အကာများ မပါအောင် ဖယ်ပေးပြီး အသားမွှာလေးတွေ ထွင်ပေးပါ
- ထို ထွင်ထားသော သံပုယိုသီး အသားမွှာ အဖတ်လေးများကို ဆားရည်ဖျော်ထားသော ရည်ထဲမှာ စိမ်ထားပါ
- ပုဇွန်ငပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
- မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငပိကိုကပ်ကာ ကင်ပေးပါ
- အပေါ်ယံ တင်းလာပါက နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
- ငရုတ်သီးစိမ်းများကို ရေဆေးပြီး လှော်ပေးကာ မညက်တစ်ညက် ထောင်းထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
- မြေပဲလှော် အရသာမှုန့်နှင့် ငရုတ်သီး အလှော်မှုန့်ကိုလဲ အဆင်သင့် ပြင်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်မှုန့် မြေပဲ ကြက်သွန်နီ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထောင်းပေးပါ
- အားလုံး မညက်တစ်ညက် အနေအထား ရတာနဲ့ အရသာမှုန့် နှင့် ပုဇွန်ငပိတို့ကို ထည့်ထောင်းပေးပါ
- ပြီးတာနဲ့ ပုဇွန်ငပိထောင်းကို သံပုယိုသီးအမွှာ အဖတ်နှင့် ရောမွှေပေးကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ငပိထောင်းကို မိမိနှစ်သက်တဲ့ တို့စရာလေးတွေနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment