ဝါတွင်းကာလ သတ်သတ်လွတ်လေးတွေ စားရလေအောင် ဒီနေ့တော့ အာလူးသေးသေးလေးတွေ ဝယ်လာပြီး အာလူးနှပ်လေး ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- အာလူး - အလုံးသေး အလုံးနှစ်ဆယ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်နီ - အလုံးသေး ငါးလုံး
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
- အာလူးလေးတွေကို အခွံခွာပြီး အတုံးလေးတွေ တုံးကာ ရေဆေးပေးပါ
- ပြီးတာနုဲ့ ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ တစ်လုံးကို လေးခြမ်းခြမ်းထားပါ
- အိုးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာတာနဲ့ အရသာ နယ်ထားသော အာလူးများကို ထည့်ကြော်ပေးပါ
- အာလူး အပေါ်ယံလေးတွေ မာတင်းလာတာနဲ့ အိုးထဲမှ ဆီများကို ခပ်ပြီးဖယ်ပေးပါ
- ဆီများ ကုန်သလောက် ရှိသွားတာနဲ့ အာလူးနူးလောက်တဲ့အထိ ရေထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- အိုးထဲမှ ရေမခမ်းခင် ပဲငံပြာရည်နှင့် ကြက်သွန်နီတို့ ထည့်မွှေပေးကာ အဖုံးအုပ်ပြီး ဆက်တည်ပေးပါ
- အာလူးနှပ်ထားတာလေး ဆီပြန်လာပါက အရသာာမြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ မီးပိတ်ပေးပါ
- ပြီးတာနဲ့ သတ်သတ်လွတ် အာလူးနှပ်ဟင်း အိအိလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment