Friday 2 September 2022

ဆိတ်သားကင်

ဒီနေ့တော့ အသီးအရွက်တွေနဲ့ ရောပြီး salad လုပ်ရလေအောင် ဆိတ်သား ကင်ပါတယ် အရင်တုန်းကလို အကင်အိုးနဲ့ မကင်ဘဲ air fryer အိုးနဲ့ ကင်ဖြစ်တဲ့အတွက် အိမ်ထဲမှာ ဆီညှော်နံ့တွေလဲ ကင်းသလို မီးဖိုခန်းလေးလဲ သန့်သန့်ပျံ့ပျံ့ သုံးလို့ရသွားပါတယ်။

နေက်တစ်ခုက အသားထဲက အဆီတွေ အကုန်နီးပါး ထွက်ကုန်တဲ့အတွက် ကျန်းမာရေးနဲ့လဲ ပိုပြီးတော့ ညီပါတယ် ဒါကြောင့်မို့လို့ air fryer အိုးနဲ့ မာမာကင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ကင်တဲ့ အခါမှာတော့ မိမိအသုံးပြုမဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး အသားကို ကင်တဲ့အချိန် မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ဆိတ်သား - နှစ်တုံး (500 g)
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (ဆိတ်သားဆေးရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. chilly sauce - ထမင်းစားဇွန်း နှစ်ဇွန်း
  11. အသားကင်ရန် ဒုတ်ချောင်း လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ဆိတ်သားကင်ရာမှာ အသုံးပြုမည့် ဒုတိချောင်းများကို ရေတစ်နာရီလောပ် စိမ်ထားပါ
  • ဆိတ်သားကို ပဲအစိမ်းမှုန့်နှင့် နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ရေငါးထပ်လောက်နှင့် ရေဆေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဆိတ်သားတုံးများကို ဆီ chilly sauce ချင်းမှုန့် ကြက်သွန်ဖြူမှုန့် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • ရေစိမ်ထားသော ဒုတ်ချောင်းများကို ဆယ်ယူပြီး ရေစစ်ထားပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ဆိတ်သားတုံးလေးများကို ဒုတ်ချောင်းများမှာ စီပြီးသီပေးပါ 
  • အသား ကင်အရန်သားအတွက် ဆိတ်သား ဒုတ်ချောင်းများကို air fryer အိုးထဲမှာ ဆန့်သလောက် ထည့်ပေးပါ
  • ပြီးတာနဲ့ 160*c နှင့် ပထမတစ်ကြိမ် ၁၅မိနစ် ထည့်ပေးပါ
  • ၁၅မိနစ်ပြည့်တာနဲ့ ဆိတ်သားကို နောက်တစ်ဖက်ကို လှန်ပေးကာ ၁၅မိနစ်လောက် ထပ်ထည့်ပေးပါ
  • ကင်ချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလို စားသုံးရန် ဆိတ်သားကင် မွှေးမွှေးလေး ရပါပြီ။

1 comment:

  1. ပသမဂပဂဪဂကဟဪဟဪဟကဂရဂဪဂဪဂငသပဟဪဟငဟဂဟရဟငဟဂကဂပဂောဂအသုဪဂောဂအဂ့ဂအဂဪဟုဟအဟပဟသဟရဟအသသဟရဟ

    ReplyDelete