Tuesday 28 April 2015

ပုဇွန် သခွားသီးထောင်း


သခွားသီးသုပ် သုပ်စားချင်ပေမဲ့ သခွားခြစ် မရှိလို့ မစားရဘူးလို့ ဆိုသူတွေအတွက် သခွားသီး အလွယ်ခြစ်နည်းလေးနဲ့အတူ ထောင်းသုပ် သုပ်တဲ့သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ဒီနေ့တော့ သခွားခြစ်အစား သစ်သီး အခွံခွာတဲ့ ဓါးလေးနဲ့ ခြစ်လိုက်ရင် အရမ်းကို အဆင်ပြေပါတယ် သခွားသီးက ပါးပါးလှပ်လှပ်လေး ရတာမို့လို့ စားလို့လဲ တော်တော်လေးကို အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ငရုတ်သီးစိမ်း - ၅တောင့် (အစပ်ကြိုက်ပါက ပိုထည့်ပါ)
  4. ပင်စိမ်းရွက် - အနည်းငယ်
  5. ပုဇွန်လှော် - ၃ကောင်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. သံပုရာသီး - တစ်စိတ်
  9. ငါးငပိရည်ကျိုပြီးသား - ထမင်းစားဇွန် တစ်ဇွန်းခွဲ
  10. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • သခွားသီးကို အလုံးလိုက် ရေဆေးပြီး အခွံခွာဓါးဖြင့် ခြစ်ချပေးပါ
  • ပုဇွန်ကို ရေအနည်းငယ် ဆားအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ပေးကာ အခွံခွာထားပါ
  • ငါးငပိရည်ကို ကျိုထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေစင်အောင် ဆေးပေးပြီး မွှေးနေအောင် လှော်ထားပါ
  • ပင်စိမ်းရွက်ကို ရေစင်အောင် ဆေးထားပါ
  • ကြက်သွန်ဖြူကို ဆီချက်ကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြင်ဆင်ပြီးပါက ခပ်ကြီးကြီး ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းနှင့် ပုဇွန်ကို အရင်ဆုံး ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ သခွားသီး ကြက်သွန်နီ ငါးပိရည်ကျို ဆား အရသာမှုန့်နှင့် သံပုရာညှစ်ကာ ခပ်ဖွဖွလေး ၅ချက်လောက် ထောင်းပြီး ဇွန်းနှင့် အရသာ သမအောင် မွှေပေးပါ
  • အရသာ မွှေပေးပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးကာ လိုသလို ပြင်ပေးပြီး ပင်စိမ်းရွက်ထည့်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

သခွားသီးကိုရေစင်အောင်ဆေပြီး 
အခွံခွာသည့်ဓါးဖြင့် ခပ်ပါးပါးလှီးချပေးပါ

အခွံခွာဓါးနှင့် ခြစ်ထားသော သခွားသီး

လိုအပ်သော ပစ္စည်းများ ပြင်ထားပေးပါ

အားလုံးကို အရသာဝင်အောင်
ခပ်ဖွဖွလေး ထောင်းပေးပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment