Monday 27 April 2015

ငါးအသားလွှာ ငါးငပိချက်စပ်စပ်လေး






ဒီဟင်းလေးချက်ပြီးစားတိုင်း မာမာ့အမေကို မာမာအရမ်း သတိရမိပါတယ် အမေသိပ်ကြိုက်ပြီး သက်ရှိထင်ရှားရှိနေတုန်းက မကြာမကြာ ချက်စားတတ်တဲ့ ဟင်းလေးပါ။

မာမာ့အမေကတော့ ငါးရံ့ ငါးခူ ငါးကြင်း ငါးမြစ်ချင်းတို့နဲ့ ချက်စားတတ်ပါတယ် မာမာကတော့ အရိုးများလွန်းတဲ့ ငါးသလောက်ကို ရသလောက် အသားလွှာပြီး ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. လက်နှစ်လုံးလောက်အရွယ် တုံးထားသော ငါးအသားလွှာ - ၁၅တုံး
  2. ငါးငပိရည်ကျို လက်ဖက်ရည် အကြမ်းပန်းကန် - တစ်လုံး
  3. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်ုး
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  7. လေးစိတ် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. နုတ်နုတ်စဉ်းထားငော ကြက်သွန်ဖြူ - ၃မွှာ
  9. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ဆီကိုပူအောင်တည်ပြီး နနွင်းမှုန့်ထည့်ကာနုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ပါးပါးလှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းတာနဲ့ငရုတ်သီးမှုန့်ကို မွှေးလာအောင် ကြော်လိုက်ပါ
  • ငရုတ်သီးမွှေးလာတာနဲ့ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်ချက်ပေးပါ
  • ခရမ်းချဉ်သီးကျေသွားနဲ့ငါးကိုထည့်မွှေကာ ငါးအသားမာလာအောင် အိုးကိုမကြာ မကြာလှုပ်ပေးပြီး ၃မိနစ်လောက် ချက်ပေးပါ
  • ငါးအသားမာလာမှ ငံပြာရည် ငါးငပိရည် အရသာမှုန့် နှင့်ရေ လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးလောက်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေဆူလာပြီး ရေကျန်ဆီပြန်လေး ဖြစ်လာချိန်မှာ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို ထည့်မွှေပြီး ၂မိနစ်လောက် ပွက်ပွက်အောင်ဆူထားပြီး အရသာမြည်းကာ စားသုံးနိုင်ပါပြီ။

4 comments:

  1. အရမ်းကြိုက်ပါတယ် ချက်ထားတာ စားချင်စရာကောင်းတယ်

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် စူးနွယ်လေးရေ

      Delete
  2. စားချင်စရာလေးတွေ

    ReplyDelete
    Replies
    1. တကယ်စားစေချင်မိတာနော် စံပယ်ချိုရေ

      Delete