Wednesday 15 May 2013

ချဉ်ပေါင်အဖြူ မျှစ်ကြော် ချဉ်ငံစပ်



မကြာမကြာစားရတဲ့ တစ်ပင်ထဲသော ချဉ်ပေါင်ပင်
ခူးလေအရွက်တွေထွက်လေပါဘဲ

မာမာ့အိမ်က တစ်ပင်ထဲသော ချဉ်ပေါင်ဖြူပင်လေးပါ မကြာမကြာ စားရပါတယ် ဒီနေ့တော့ မာမာ ပုဇွန်ခြောက်နဲ့ ကြော်ထားပါတယ်။

ချဉ်ပေါင်ကြော်တို့ ငပိချက်တို့ဆိုရင် မြန်မာလူမျိုးတို့ပါးစပ်က ခံတွင်းတွေ့တတ်တာမိုလို့ ဒီနေ့တော့ မာမာတို့တွေ ထမင်းစားလို့ မြိန်အုံးမှာပါ။

 ကြော်နည်းလေးကတော့ အရင်ကြော်နေကြ ပုံစံအတိုင်းပါဘဲ ပုဇွန်အစို မရှိလို့ ပုဇွန်ခြောက်လေးတွေနဲ့ဘဲ ကြော်လိုက်ပါပေမဲ့ အရသာကတော့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ
  1. ချဉ်ပေါင်ရွက် - အနေတော် ဇကာတစ်လုံး
  2. မျှစ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး
  3. ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  4. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ပုဇွန်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာ
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  1. ချဉ်ပေါင်ရွက်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. မျှစ်ကိုရေဆေးပြီး ပြင်ထားပါ
  5. ပုဇွန်ခြောက်ကို ရေဆေးပြီး ရေစိမ်ထားပါ
  6. ဆီနှင့် နနွင်းမှုန့်ကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ 
  7. ဆီပူလာပါက ကြက်သွန်နီကို တစ်မိနစ်လောက် ကြော်ပေးပါ
  8. ကြက်သွန်နီ နဲနဲနွမ်းလာပါက ငရုတ်သီးလုံးခြမ်းခွဲကို မိနစ်ဝက်လောက် ထဲ့ကြော်ပါ
  9. ငရုတ်သီးနံ့ သင်းလာပါက ပုဇွန်ငပိကိုထဲ့ပြီး မွှေပေးပါ
  10. ပုဇွန်ငပိနံ့ သင်းလာပါက ချဉ်ပေါင်ရွက်ကိုထဲ့ပြီးနွမ်းတဲ့ထိ မွှေပေးပါ
  11. ချဉ်ပေါင်ရွက်နွမ်းလာပါက ပုဇွန်ခြောက်နှင့်မျှစ်ကိုထဲ့ပြီး မွှေပေးပါ
  12. ငံပြာရည်နှင့် အရသာမှုန့်ထဲ့ပြီး သုံးမိနစ်လောက် ကြော်ပေးပါ
  13. နောက်ဆုံးမှ ငရုတ်သီးစိမ်းကို ထဲ့မွှေကာ ကြက်သွန်ဖြူများကို ထဲ့ပြီးမွှေပေးပါ
  14. တစ်မိနစ်လောက် ထပ်မွှေပေးပြီးရင် ချဉ်ပေါင်ကြော် ချဉ်ငံစပ်လေး ရပါပြီ။

8 comments:

  1. မျှစ်လေးတွေကလဲ နုဖတ်နေတာပဲနော်..
    ချဉ်ပေါင်မျှစ်ကြော်မွှေးမွှေးလေးက ပဲကြာဇံဟင်းချိုလေးနဲ့ဆို ရှယ်ပဲ မမမား)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အိမ်ထွက် ချဉ်ပေါင်လေးလေ မိုးစက်ဝိုင်ရေ
      ထမင်းမိန်ဆေးလေးပေါ့

      Delete
  2. စားချင်လိုက်တာမမာရယ်။
    နေရာသစ်မှာချဉ်ပေါင်မရှိလို့ မစားရတာကြာလှပြီ။
    ချဉ်ပေါင်ခါးကဆေးဘက်ဝင်တယ်တဲ့အမေပြောတာ။ အမေကအဲဒီချဉ်ပေါင်ကိုပိုကြိုက်တယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ချဉ်ပေါင်ခါး ကြော်ပြီးစားလို့ပိုပြီးကောင်းတယ်
      ဒီမှာ မရှိဘူးရယ်
      အိုင်အိုရာပြောမှ စားချင်လိုက်တာ။

      Delete
  3. ဘယ်တော့မှ မရိုးနိုင်သော ချဉ်ပေါင်ကြော်လေး အားပေးသွားပါတယ်နော် ..
    စတော့ အားပြီ အစ်မရေ ..
    အစ်မချက်တာတွေ ကြည့်ပြီး ချက်တော့မယ် .... ^_^ :P :P

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ

      Delete
  4. မမမာ ချဉ်ပေါင်ပင်လေး သန်လိုက်တာနော် စုအိမ်မှာ အရိုးတွေထိုးထားတာ အရွက်ထွက်ပေမဲ့ အပင်လေးတွေ သေးသေးလေးရယ် မျှစ်လေးလဲနုဖတ်နေတာပဲ စားချင်တယ်

    ReplyDelete
    Replies
    1. ဟုတ်ပါ့ စုရယ် တစ်ပင်ထဲပေမဲ့ တစ်ခါခူးရင်အဝစားလို့ရအောင်ကို ထွက်နေတာလေ

      Delete