Tuesday 14 May 2013

သပြုသီး ချဉ်ရည်ဟင်း


သပြုသီး ချဉ်ရည်ဟင်းကို စားဖူးသူတိုင်းက စွဲမက်ကြပါတယ် မာမာလဲ ရှားရှားပါးပါးလေး ရလာလို့ တန်ဖိုးထားပြီး ချက်လိုက်တဲ့ ဟင်းလေးပါ ငါးခူ ငါးရံ့နဲ့ချက်ရင် ပိုပြီးကောင်းပါတယ် ဒီမှာကတော့ ငါးခူ ငါးရံ့ ရှိပေမဲ့ တခါတစ်လေမှ ရတတ်တဲ့ငါးမို့ မာမာ့အိမ်မှာ မရှိတာကများပါတယ် ဒါကြောင့်မို့ ရှိတဲ့ငါးလေးနဲ့ဘဲ မာမာချက်ထားပါတယ်။

သပြုသီးက အချဉ်နဲနဲ စူးတာကြောင့် ပုဇွန်ငပိနဲ့ အချဉ်ကို ထိမ်းလို့ရသလို ငံပြာရည်ကောင်းကောင်းနဲ့ လဲချက်လို့ရပါတယ် မွန်ပြည်နယ်မှာ မကြာခနစားတတ်တဲ့ ဟင်းလေးမို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။



သပြုသီး


သပြုသီးတလုံးကို ထက်ခြမ်းခွဲပြီး အဖတ်လေးများ
ရအောင်ထွင်လိုက်ပါ အထဲမှဝတ်ဆံလို
ပျော့လေးတွေဖယ်ပြီး ရေစင်အောင်ဆေးကာ
 ရေမြုပ်အောင်ထဲ့ပြီး သုံးမိနစ်လောက်ပြုပ်ပါ




ပြင်ဆင်ပုံ

  1. ပြုပ်ထားသော သပြုသီးကို ရေငှဲ့ပြီး အအေးခံကာ ရေကို ခပ်ဖွဖွညှစ်ပြီး အဖတ်လေးများရအောင် မွှပေးပါ
  2. ပြုပ်ထားသော ငါးအသားကို အရိုးထွင်ပြီး ထည့်ပေးပါ
  3. ကြက်သွန်ဖြူသုံးမွှာ ကြက်သွန်နီတစ်ခြမ်းတို့ကို ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက် နှင့်ရောထောင်းပေးပါ
  4. ဆီ ထမင်းစားဇွန်း တစ်ဇွန်းသာသာလောက် ထဲ့ပေးပါ 
  5. ပုဇွန်ငပိ ထမင်းစားဇွန်တစ်ဇွန်း (သို့)ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းခွဲထဲ့ပေးပါ
  6. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထဲ့ပေးပါ
  7. အားလုံးကိုရောနယ်ပြီး ရေအနည်းငယ်ထဲ့ကာ လုံးမိအောင်တည်ပေးပါ


ချဉ်ရည်ဟင်း လုံးမိသွားပါက ရေ တရုတ်ဟင်းရည်သောက်
ပန်းကန်လုံးတလုံးခွဲထဲ့ပြီးပွက်ပွက် ဆူအောင်တည်ပေးပါ 
ဟင်းရေဆူလာတာနဲ့အရသာမြည်းပြီး လိုသလိုပြင်ကာ
စားပွဲပြင်နိုင်ပါပြီ


ထမင်းမိန်စေတဲ့ ချဉ်ဖြုံ့ဖြုံ့ သပြုသီးချဉ်ရည်ဟင်းလေးရပါပြီ

6 comments:

  1. အရမ်းကြိုက်တယ် မမမာ... ရခိုင်ဘက်မှာအဲလိုဟင်းရည်သောက်လည်းချက်စားသလို ပိန်းစွယ် (ပိတ်စွယ်လို့ခေါ်ကြလားမသိဘူး )(ပိန်းဥရဲ့အစွယ်) နဲ့ ရောပြီးတော့လည်းချက်စားကြတယ် ။ သန့်ရှင်းေ၇းလုပ်ပြီးသား ပိန်းစွယ်ကို လက်တစ်ချောင်းစာအရှည်လေးတွေလှီးပြီး ၊ သပြုသီးနုနုလေးတွေကိုပါးပါးလှီးပြီး ၊ ငရုတ်သီးမှုန့် ၊ ငပိလေးနဲ့ရောချက်ပါတယ် ။ နောက်တစ်နည်းက သပြုသီးနုနုလေးတွေကိုပါးပါးလှီးပြီး ပုဇွန်အကောင်သေးလေးတွေနဲ့အပေါ်က ပြောသလိုရောချက်ပြီး ၊ ပင်စိမ်းလေးပါရောချက်လိုက်ရင် ဆွေမျိုးမေ့ပေါ့ မမမာရယ်..။

    ReplyDelete
    Replies
    1. ဟုတ်တယ်နော် မမမာကပင်စိမ်းကြိုက်တယ် အိမ်မှာရှိတဲ့ပင်စိမ်းက ယိုးဒယားပင်စိမ်းမို့ မထဲ့လိုက်တာ
      ဆုမြတ်မိုးပြောသလိုလေး နောက်တစ်ခါချက်စားအုံးမယ်နော်..

      Delete
  2. မစားဖူးဘူးမမမာရေ ထမင်းမိန်တယ်ဆိုလို့ ချက်စားဦးမယ်..
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ချဉ်ဖြုံ့ဖြု့လေး ကောင်းတယ် ချက်စားကြည့်နော်

      Delete
  3. ကြိုက်တယ် မမမာရေ သပြုသီးငပိချက်လေးလဲ စားချင်တယ်

    ReplyDelete
    Replies
    1. စုရေ ငပိချက်က ပိုပြီးစားကောင်းတယ်နော်
      အားတဲ့ရက်တော့ချက်အုံးမယ်။

      Delete