Friday 22 March 2013

ပုဇွန် ပဲသီးကြော်

ပုဇွန်ပဲသီးကြော် 
မာမာ ဒီနေ့တော့ မရောက်တာကြာပြီဖြစ်တဲ့ မာမာ့ရဲ့ဘလော့လေးဆီ အလည်ရောက်လာခဲ့ပြန်ပါပြီ ဟင်းတွေချက်ဖြစ်ပေမဲ့ ဓါတ်ပုံရိုက်ဖို့ အချိန်မရတဲ့အတွက် ဘလော့လေးဆီ မရောက်ဖြစ်ခဲ့တာရယ် ကျန်းမာရေးကြောင့် ဘလော့လေးကို ခနမေ့ထားမိသလို ဖြစ်သွားခဲ့ပါတယ်။

မာမာ့ဘလော့ဆီ လာလည်တဲ့ မိတ်ဆွေရယ် ဟင်းအသစ်မတွေ့ဘဲ ပြန်ပြန်သွားရမယ်ထင်ပါရဲ့ အဲဒီအတွက် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်..ဒီနေ့တော့ ချက်နည်းလေးရိုးပေမဲ့ ပဲသီးကျွတ်ကျွတ်လေးနဲ့ ထမင်းစားရအောင် မာမာပဲသီးလေးကြော်ထားပါတယ် ခြံထွက်လေးမို့ လတ်ဆတ်သလို ချိုချိုကြွတ်ကြွတ်လေးမို့ ထမင်းမိန်မဲ့ဟင်းလေးတစ်မယ်အတွက် မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အခွံချွတ်ပြီး ကြောမှအမဲကြောင်း ထုတ်ထားသောပုဇွန်ထုတ် - နှစ်ဆယ်သား
  • အနေတော်လှီးထားသော ဘေဘီပြောင်းဖူး - ငါးဖူး
  • အနေတော်လှီးထားသော မုံလာဥနီ - တဥ
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ  - တခြမ်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - နှစ်မွှာ
  • ခပ်စောင်းစောင်းလှီးထားသော ပဲတောင့်ရှည် - ဆယ့်ငါးတောင့်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
ပုဇွန်အရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ



ပုဇွန် ပဲသီးအကြွတ်ကြော်ရန် ပြင်ပေးထားပါ



ဆီပူလာပါက ကြက်သွန်ဖြူနှင့်ကြက်သွန်နီကို အရင်ဆုံးနွမ်းသွားအောင် ကြော်ပေးပါ ပြီးမှပုဇွန်ကိုထဲ့ပြီးနှစ်မိနစ်လောက်ရောကြော်ပါ
ပုဇွန်များကွေးပြီး မာသွားပါကပဲသီး မုံလာဥနီ ပြောင်းဖူး
ဆားနှင့်အရသာမှုန့်တို့ကို တခါထဲထဲ့ပြီးကြော်ပေးပါ


အားလုံးရောပြီး မီးပြင်းပြင်းနဲ့နှစ်မိနစ်လောက်ကြော်ပေးပြီးရင်ရပါပြီ



ပုဇွန် ပဲသီးကြော်ကြွတ်ကြွတ်လေးရပါပြီ

4 comments:

  1. ပုဇွန်ပဲသီးကြော်လေး အားပေးသွားတယ် မာမာရေ...
    ဟင်းမချက်တာကြာပေါ့ အခုရာသီဥတုအေးချမ်းသွားပြီလားဟင်?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ် တီတင့်ရေ
      စိတ်ပျော်တဲ့အခါလေးကျရင်တော့ ဟင်းချက်ချင်စိတ်တွေပေါ်ပေါ်လာခဲ့တယ် ^_^

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. မနက်ဖြန်အတွက် ဟင်းစဉ်းစားနေတာ ...
    အစ်မရဲ့ ပဲသီးပုဇွန်ဘဲ ကြော်စားတော့မယ် အစ်မရေ.... ^_^

    ReplyDelete
    Replies
    1. ကြော်စားနော် ညီမလေး ^_^

      Delete