Sunday 31 March 2013

ငရုတ်သီးစိမ်း ပုဇွန်အစပ်ဟင်း

ငရုတ်သီးစိမ်း ပုဇွန်ချက်
ဒီနေ့ချက်ဖြစ်တဲ့ ဟင်းလေးပါ အရသာစပ်စပ်လေးစားချင်တာနဲ့ ခြံထဲဆင်းပြီး ငရုတ်သီးလေးခူးကာ လတ်လတ်ဆတ်ဆတ်လေး ချက်ထားပါတယ် ချက်နေကထဲက မွှေးလာတာမို့ ထမင်းဆာစေတဲ့ ဟင်းလေးဆိုလဲ မမှားပါဘူး။

ဆီနဲနဲ အရည်များများလေးနဲ့ ချက်ထားလို့ စားလို့လဲ အရမ်းကောင်းတာမို့ မာမာတို့ခြံထွက် ငရုတ်သီးစိမ်း လတ်လတ်ဆတ်ဆတ်လေးနဲ့ ပုဇွန်ဟင်းစပ်စပ် ချက်နည်းလေယ မျှဝေချင်ပါတယ်။
ပါဝင်ရမှာလေးတွေက

  • အခွံခွာပြီးကြောမှ ခွဲကာအမဲကြောင်းထုတ်ပြီး သန့်စင်ထားသောပုဇွန်ထုတ် - 250 g
  • ငရုတ်သီးစိမ်း - အစပ်ကြိုက်သလောက်ထဲ့နိုင်ပါတယ်
  • ပါးပါးလှီးထားသောကြက်သွန်နီ - တခြမ်း
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
ပုဇွန်အရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ခြောက်ပုံတပုံ
မာမာ့ခြံထဲကငရုတ်ပင်လေးပါ


ပုဇွန်ငရုတ်သီးစိမ်းချက်ဖို့ပြင်ပေးပါတယ်


ငရုတ်သီးစိမ်းနှင့်ကြက်သွန်နီကိုပါးပါးလှီးပေးပြီး ပုဇွန်ကိုလဲခပ်ရွယ်ရွယ်လေးများတုံးပေးပါ


ဆီပူပူမှာနနွင်းမှုန့်ကို အရင်ဆုံးထဲ့ပြီး ကြက်သွန်နီကိုနွမ်းသွားအောင် အရင်ဆုံးကြော်ပေးပါ ပြီးမှပုဇွန်ကိုထဲ့ပြီးသုံးမိနစ်လောက် လုံးမိသွားအောင်ချက်ပေးပါ


ပုဇွန်လုံးမိသွားပါကငရုတ်သီးစိမ်း ငံပြာရည်နှင့်ရသာမှုန့်တို့ကိုထဲ့ကာ
တမိနစ်လောက် ချက်ပေးပါတယ်


နောက်ဆုံးမှရေလိုသလောက်ထဲ့ကာ ပွက်ပွက်ဆူအောင် ၅မိနစ်လောက်တည်ပေးပါ


ရေပွက်ပွက်ဆူပြီး ဆီကျန်ရေကျန်ချိန် မီးပိတ်ပေးကာ
ရုတ်သီးစိမ်းပုဇွန်ချက် မွှေးမွှေးစပ်စပ်လေးနှင့် ထမင်းသုံးဆောင်နိုင်ပါပြီ

6 comments:

  1. ဘဲပေါင်းကြံဇံဆီချက်ရယ်...လတ်လတ်ဆတ်ဆတ် ငရုတ်သီးစိမ်းပုဇွန်ချက်လေး အားပေးသွားတယ် မာမာရေ ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါတီတင့်ရေ
      လေးစားခင်မင်လျှက်
      မာမာ

      Delete
  2. ဒါမျိုးဟင်းသိပ်ကြိုက်တာပေါ့မမာရယ်။း)
    ငရုတ်ပင်လေးတွေ့ ရလို့ သိပ်ကိုပျော်မိပါတယ်။
    တကယ်စိတ်ချမ်းသာဘို့ ကောင်းတယ်နော်။
    ကိုယ်စိုက်ထားတဲ့အပင်လေးကသီးပွင့်နေတာမြင်ရတာသိပ်ပျော်စရာကောင်းတယ်နော်။
    ကျေးဇူးပါမမာရေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ် အိုင်အိုရာရေ
      အပင်လေးတွေမြင်နေရရင်ပျော်မိတာ အမှန်ပါဘဲ။

      Delete
  3. ငရုတ်သီးစိမ်းလေးတွေက စိမ်းပြီးလတ်နေတာပဲနော်..
    ဒီလို ငရုတ်သီးစိမ်းပုဇွန်ချက်လေးနဲ့ ပဲကြီးနှပ် ဒါမှမဟုတ် ပြောင်းဖူးကြော်လေးရယ်
    သရက်သီးသုတ်လေးရယ် ဟင်းတွဲလိုက်ရင် ရှယ်ပဲနော် မမမာ..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ဟုတ်ပါ့ မိုးစက်ဝိုင်ရေ
      ဟင်းတွဲလေးချက်ပြီးစားလိုက်ရရင်အရမ်းကောင်းမှာဘဲနော်။

      Delete