Saturday 23 March 2013

ပုဇွန် ခရမ်းချဉ်သီးဟင်း

ပုဇွန်ချဉ်စပ်ဆီပြန်ဟင်း

ဒီတစ်ပါတ်တော့ မာမာပုဇွန်ဟင်းလေးတွေ ဘဲချက်မိနေမယ်ထင်ပါရဲ့ ပုဇွန်တွေဝယ်တာ များသွားခဲ့လို့ မနေ့က ပဲသီးနဲ့ရောပြီးကြော်လိုက်တယ် ဒီနေ့တော့ ခရမ်းချဉ်သီးရယ် ငရုတ်သီးလေးရယ်နဲ့ အစပ်လေးချက်ပါမယ်။

ထမင်းနဲ့နယ်စားရင် အနှစ်များများရအောင် ကြက်သွန်နီ များများသုံးပြီး ချက်ထားတာမို့ အနှစ်လေးနဲ့ နယ်စားလိုက်ရင်ဘဲ ထမင်းမိန်စေမဲ့ ဟင်းလေးတစ်မယ်ဖြစ်စေမှာပါ။

မာမာချက်တဲ့နည်းလေ မျှဝေချင်ပါတယ်
ပါဝင်ပစ္စည်းများ

  • အခွံခွာပြီးကြောမှခွဲကာ အမဲကြောင်း ထုတ်ထားသောပုဇွန်ထုတ် - သုံးဆယ်သား
  • ခပ်ပါးပါးလှီးထားသော ခရမ်းချဉ်သီး - နှစ်ဆယ်သား
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - တစ်ဆယ့်ငါးကျပ်သား
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  • ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ပုဇွန်အရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်


ဆီပူလာပါက နနွင်းမှုန့်ရင်ဆုံးထဲ့ပြီးမှ ကြက်သွန်နီကိုထဲ့ပြီးကြော်ပါ
ကြက်သွန် နွမ်းလာပါက ငရုတ်သီးမှုန့်ထဲ့ပြီး တမိနစ်ခွဲလောက်ဆီသတ်ပေးပါ ပြီးမှခရမ်းချဉ်သီးကိုထဲ့ပြီး ကြေတဲ့ထိမွှေပေးပြီးချက်ပေးပါ


ခရမ်းချဉ်သီးကြေသွားပါက အရသာနယ်ထားသော ပုဇွန်ကိုထဲ့ပြီး
လုံးမိအောင်အရင်မွှေပြီး ငါးမိနစ်လောက်ချက်ပေးပါ ပုဇွန်မာလာမှ
ရေထမင်းစားဇွန်း ငါးဇွန်းလောက်ထဲ့ပြီး ဆားထဲ့ကာ ပွက်ပွက်ဆူအောင်တည်ပါ


ပုဇွန်အကွေးငါးအနွေးမို့ နှစ်မိနစ်လောက်ဆူပြီးရင် ပုဇွန်ချဉ်စပ်ချက်လေးရပါပြီ


ထမင်းမိန်စေမဲ့ ပုဇွန်ချဉ်စပ်ဟင်းလေးပါ

2 comments:

  1. ပုဇွန်လုံး ချဉ်စပ်လေးလဲ အားပေးသွားပါတယ် အစ်မရေ... ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ

      Delete