Sunday 24 March 2013

ကောက်ညှင်းပြန်ပေါင်း



ကောက်ညှင်းပြန်ပေါင်းလုပ်ရန်



 ပုဇွန်အုန်းသီးကြော်လေး ကြွတ်ပြီးရွလာလျှင် ရပါပြီ

 ကောက်ညှင်းပြန်ပေါင်းမွှေးမွှေးလေးပေါ်တွင်
ပုဇွန်အုန်းသီးကြော်လေးဖြူးပြီး စားသုံးလို့ရပါပြီ

 မွှေးမွှေးပျံ့ပျံ့ အိအိထွေးနေတဲ့ ကောက်ညှင်းပြန်ပေါင်း

မာမာဒီနေ့ ကောက်ညှင်းပြန်ပေါင်းလေး ပေါင်းစားပါတယ် မာမာ့ဘလော့လာတဲ့ မိတ်ဆွေတွေရဲ့ တောင်း ဆိုချက်ကြောင့်ဘဲ ဆိုပါတော့နော် အိမ်မှာ ကောက်ညှင်းစားတာ မာမာတစ်ယောက်ထဲမို့ တစ်ခါတစ်ခါ ပေါင်းရတာတော်တော်လေး ပျင်းနေမိတာအမှန်ပါဘဲ။

ဒီနေ့တော့ စိတ်ထဲကလဲစားချင် ဘလော့လာ မိတ်ဆွေတွေကလဲ တောင်းဆိုထားတာဆိုတော့ ရေငတ်တုန်း ရေတွင်းထဲကျသွားခဲ့တာမို့ ပေါင်းလိုက်ပါပြီ။

မာမာတစ်ခုပြောချင်တာက ကောက်ညှင်းနဲ့ လုပ်တဲ့မုန့်တွေက တစ်ခါတလေ ကောက်ညှင်းဆန်အပေါ်မူတည်ပြီး ပေါင်းတဲ့အချိန်လေးတွေ ကွာခြားတတ်ပါတယ် အချိန်ကို အတိုးအလျှော့လုပ်ပြီး ပေါင်းစေချင်ပါတယ်။

 ဒီနေ့မာမာပေါင်းတဲ့ ကောက်ညှင်းဆန်က မိနစ်၂၀လောက်ဘဲ ပေါင်းရပါတယ် အဲဒီအချိန် အပိုင်းလေးမှာ အိုးကိုတစ်ချက်ဖွင့်ပြီး ကြည့်စေချင်ပါတယ်။

ကောက်ညှင်းဆန်ပျော့ပြီး ဆန်သားပျောက်သွားရင်တော့ ရပါပြီ ဆန်သားမပျောက်သေးရင် တော့ခနဆက် ထားပေးစေချင်ပါတယ် ပြီးမှ အုန်းနို့တစ်ခါ ထပ်ထဲ့ပြီး အထက်အောက်နဲနဲ မွှေပေးကာ မီးရှိန်လျှာ့ကာ
ဆက်ပေါင်းပေးစေချင်ပါတယ်။

အခုမာမာပေါင်းတဲ့ ကောက်ညှင်းပေါင်းက လူလေးယောက်လောက် ကောင်းကောင်းစားနိုင်ပါတယ် စားတဲ့သူ နဲရင်တော့ လျှော့ပြီး ပေါင်းပေးပါ ကောက်ညှင်းဆန်ကို လျှော့လိုက်ရင် ပုဇွန်ကို လဲလျှော့ပြီး ကြော်ရပါမယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၅ကောင်
  3. အုန်းသီး - တစ်ခြမ်း
  4. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  5. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ


  • ကောက်ညှင်းဆန်ကို အနည်းဆုံး ၁၀နာရီလောက် ရေစိမ်ပေးထားပါ
  • ပုဇွန်ကို အခွံခွာပြီး ကြောမှခွဲကာ အမဲကြောင်းထုတ်ပြီး ဓါးပြားရိုက်၍ နုတ်နုတ်စင်းထားပါ
  • ကောက်ညှင်းပေါင်းနေစဉ် ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာပါက နုတ်နုတ်စင်းထားသော ပုဇွန် ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး ခြောက်လာတဲ့အထိ ကြော်ပေးပါ 
  • ပုဇွန် အသားများ ခြောက်လာပါက အုန်းသီးဖတ်များ ထည့်ပြီးမွှေပေးပါ
  • ပုဇွန်နှင့် အုန်းသီးဖတ်များ အညိုရောင် ခပ်ဖျော့ဖျော့ သန်းလာတဲ့အထိ ကြော်ပေးထားပါ
  • အုန်းသီးကို ခြစ်ထားပေးပါ
  • အုန်းနို့ကို ပြင်ထားပါ
  • ပေါင်းအိုးဇကာထဲမှာ ကောက်ညှင်းဆန်ကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး ပေါင်းဇကာကိုတင်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ကာ မီးအပူပေးပြီး မိနစ်၂၀လောက် ပေါင်းပေးပါ
  • ပေါင်းချိန် ဆယ်ငါးမိနစ် ပြည့်ပါက ဆန်သားများ ပျောက်ပြီး ကောက်ညှင်းဆန် အိလာပါက အုန်းနို့ရည်ကို ဖျန်းပေးပါ
  • အုန်းနို့ရည် ဖျန်းပြီးပါက မီးရှိန်ကို အလယ်လောက်ထိ လျှော့ပေးပြီး  နောက်ထပ် ၁၅မိနစ်လောက်နှပ်ပေးထားပြီးရင် ရပါပြီ
  • ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို ပန်းကန်ထဲထည့်ပြီး ပုဇွန်အုန်းသီးကြော်လေး ဖြူးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီရှင်။

9 comments:

  1. အစ်မရေ.. အရမ်းကို စားချင်တယ်..
    သိချင်တာလေး မေးမလို့ပါ...
    ကောက်ညှင်းကို ပန်းကန်ထဲထည့်တာလား သို့မဟုတ် Tissue ပေါ်
    တင်ပေါင်းတာလား သိချင်လို့ပါ။
    Tissue ပေါ်တင်ရင် ဖြန်းပေးတဲ့ အုန်းနို့ရည်တွေက ကောက်ညှင်းကနေ စိမ့်ပြီး
    အောက်က ရေနွေးတွေထဲ ကျကုန်တာပေါ့နော်..
    မလုပ်တတ်လို့ မေးကြည့်တာပါနော် .... ^_^

    ReplyDelete
    Replies
    1. ဇကာပေါက်ပေါ်မှာဘဲ ကောက်ညှင်းဆန်ကို တင်ပြီးဘာမှမခံဘဲပေါင်းပါ ညီမလေးရေ
      ကောက်ညှင်းဆန် ကျက်တဲ့အခါကြမှ အုန်းနို့ဖျန်းတာမို့ အောက်ကိုမကျပါဘူးညီမလေးရေ

      Delete
  2. ကောက်ညှင်းပြန်ပေါင်းကို ပုဇွန်အုန်းသီးကြော်လေးနဲ့ ပြင်ဆင်တဲ့နည်းလေးမှတ်သွားပြီ
    ပုဇွန်လုံးချဉ်စပ်ချက်လည်း ဘက်ဂီယာထိုးပြီး အားပေးသွားတယ် မာမာရေ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ
      ကျေးဇူးအများကြီးတင်ပါတယ်နော်

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. မမမာ ကောက်ညှင်းကို အုန်းနို့နဲ့ တခါတည်းရောပေါင်းရင်ရော ရလားအမ
    လုပ်စားချင်လို့ပါ မုန့်ဗိုင်းတောင့်လဲ လုပ်စားတယ် အရမ်းစားကောင်းတယ် အမရေ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကောက်ညှင်းကျက်သွားမှ အုန်းနို့ရည်လေးကိုဖျန်းပြီးပြန်ပေါင်းပေးတာ ပိုကောင်းပါတယ် မိုးစက်ဝိုင်ရေ
      အုန်းနို့နဲ့တစ်ခါထဲရောပေါင်းရင်ကျတော့ဆန်စေ့တွေကြားထဲကနေ အောက်ကရေခံထားတဲ့အိုးထဲကို အုန်းနို့တွေ ကျကုန်မှာပေါ့နော်..ဆန်သားကျက်မှသာ အုန်းနို့လေးဖျန်းပေးပါနော်..

      Delete
  4. ကျေးကျေးပါမမရေ

    ReplyDelete
    Replies
    1. မာမာကလဲ ကျေးဇူးတင်ပါတယ်နော်

      Delete
  5. feel good to read a lovely tradition and heartfelt deep respect among our Burmese sisters:)

    ReplyDelete