Friday 19 May 2023

ပဲသီးကြော်

 


ဒီနေ့တော့ ပဲသီးလေးတွေ ဝယ်လာပြီး ပုဇွန်ခြောက်နဲ့ ကြော်ထားပါတယ် အခုကြော်တဲ့ ပဲသီးလေးတွေက အတောင့်ကြီးတဲ့ အတွက် ခပ်ပါးပါးလေးတွေ လှီးပြီးကြော်မှ စားလို့ကောင်းပါတယ်။

ဒီပဲသီးကြော်လေးကလဲ ထမင်းမြိန်ရာ အရန်ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းအလွယ်လေးကို မျှေဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲသီး - နှစ်ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - လေးမွှာ
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ပုဇွန်ခြောက် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပဲသီးကို ရေဆေးပြီး အကြောသင်ကာ ခပ်စောင်းစောင်း မထူမပါးလေးတွေ လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးပြီး ရေနာရီဝက်ခန့် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့  ပဲသီးများကို ထည့်ကြော်ပါ
  • ပဲသီးများ ထည့်ပြီးတာနဲ့ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးပါ
  • ပဲသီးများ အနည်းငယ် နွမ်းလာတာနဲ့ ပုဇွန်ခြောက်ကို ရေစစ်ကာ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။ 

No comments:

Post a Comment