Thursday 22 December 2022

ဆိတ်အူကြမ်းဟင်း

 


ဒီနေ့တော့ အေးရှန်းဆိုင်က ဝယ်လာတဲ့ ဆိတ်အူကို ငရုတ်သီးစပ်စပ်လေးထည့်ကာ မဆလာ နိူင်နိူင်လေးနဲ့ ချက်ထားပါတယ်။

ထမင်းလဲ မြိန်စေတဲ့ ဟင်းတစ်ပွဲပါဘဲ အဓိကကတော့ စိတ်အူဟင်းချက်ရင် ငံပြာရည် မထည်ဖို့်တော့ သတိထားစေချင်ပါတယ်။

ငံပြာရည် ထည့်ချက်ရင် အညှီနံ့ကို မထိမ်းတဲ့အပြင် ငံပြာရည်နံ့ကို ပိုပြီးထွက်စေပါတယ် ဒါကြောင့်မို့လို့ စိတ်အူဟင်းလေးကို ဆားလေးနဲ့ အရသာနယ်ပြီး စပါးလင်ထုထောင်းထည့်ကာ ချက်ထားပါတယ်။

ချက်နေတဲ့ ဟင်းအိုးအဖုံး ဖွင့်လိုက်တယ်ဆိုရင်ဘဲ အရမ်းကို မွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • ဆိတ်အူ - 750 g
  • ကြက်သွန်နီ - တစ်ခြမ်း(ငရုတ်သီးမှုန့်နှင့်ထောင်းရန်)
  • ကြက်သွန်ဖြူ - သုံးမွှာ (                 ။                 )
  • ချင်း - လက်တစ်ဆစ်  (                 ။                 )
  • စပါးလင် - တစ်ပင်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး - တစ်ဝက်
ပြင်ဆင်ပုံ
  • ဆိတ်အူကို ရေစင်အောင်ဆေးပြီး တစ်လက်မလောက် အတုံးလေးများ တုံးပေးထားပါ။
  • ဆိတ်အူများကို ဇလုံတစ်လုံးထဲထည့်ပြီး နနွင်မှုန့်း ဆား အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာ၀င်အောင် ၁၀မိနစ်လောက် နှပ်ထားပါ။
  • ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ထောင်းထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပြီဆို ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ။
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ။
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဆိတ်အူများကို ထည့်ပြီးဆီသတ်ပါ။
  • ဆိတ်အူများ မာတင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ။
  • ပထမ တစ်ရည်ခမ်းပြီး နောက်တစ်ရည် ထပ်ထည့်ပြီး တည်ပေးပါ။
  • ဆိတ်အူများ ရေမခမ်းသေးခင် အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးကာ မဆလာ အုပ်ပေးပါ။
  • ရေခမ်းပြီး ဆီပြန်တာနဲ့ ဆိတ်အူဆီပြန်ဟင်း မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment