Thursday 29 December 2022

ပဲနီလေး ကြာဇံဟင်းချို

 



ဒီနေ့တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားကာ ပုဇွန်ငပိလေးကို မီးကင်ပြီး ငပိထောင်းလေး ထောင်းဖြစ်ပါတယ် ဒီတော့လဲ ငါးငပိထောင်းလေးနဲ့ လိုက်ဖက်မဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်ကို စဉ်းစားရပြန်ပါတယ် ။
ဒီတော့လဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ချက်လို့ရတဲ့ ပဲဝါလေးနဲ့ ဆန်ကြာဇံကိုရောကာ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲဝါလေးနဲ့ ကြာဇံဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲနီလေးပဲဆံ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ဆန်ကြာဆန် - လက်တစ်ဆုတ်စာ
  3. ကြက်သွန်နီ - အလုံးခပ်သေးသေး ရှစ်လုံးခန့်
  4. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး ရှစ်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီချက်ချက်ရန်ဆီ - ထမင်းစားဇွန်း ၁၀ဇွန်းသာသာ (ဟင်းအိုးထဲ ထမင်းစားဇွန်း ၃ဇွန်းစာထည့်ပြီး ပိုတာကို ဖယ်ထားပါ)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီချက်ချက်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်ရန်)
  9. ချင်း - လက်တစ်ဆစ်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲနီလေးပဲဆံကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထဲ့ပြီး စိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင်  ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ  အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူ ငါးမွှာကို ဆီချက်ချက်ရန် အခွံခွာာ  ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ သုံးမွှာကို ဟင်းရည်ထဲခပ်ရန် အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဖယ်ထားပါ
  • ပဲနူးအောင် ပြုပ်ထားသော ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာ ရေထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပေးပြီး တည်ပေးပါ
  • ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်ချက်ပြီးသား ထမင်းစားဇွန်း သုံးဇွန်းနှင့်ဆားတို့ ကိုထည့်ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များ နူးလာပါက ဆန်ကြာဇံကို ရေစစ်ပြီး ဟင်းရည်အိုးထဲကို ထည့်ပေးပါ
  • ကြာဆန်ထဲ့ပြီး ၂မိနစ်လောက် ဟင်းရည်ဆူပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  •  အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ပဲကြာဇံဟင်းချို ပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment