Sunday 24 October 2021

ရွှေဖရုံသီးမုန့်ပေါင်း


 













ဒီနေ့တော့ ဆောင်းအကုန် နွေအကူး ရာသီဥတု အကူးအပြောင်းလေးမှာ လျှပ်စီးတွေလက် မိုးတွေခြိမ်း မိုးကြိုးတွေပြစ် မိုးသီးတွေကြွေနေပါတယ်။

မိုးကိုနှစ်သက်ပေမဲ့ လျှပ်စီးလက်ပြီး မိုးခြိမ်းတာကို ကြောက်တတ်တဲ့ မာမာတစ်ယောက် အကြောက်တရားကို အာရုံလွှဲရင်း  ဒီနေ့တော့ ရွှေဖရုံသီး မုန့်ပေါင်းလေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရွှေဖရုံသီး - 250 g
  2. သကြား - 100 g (အချိုမကြိုက်ပါက လျှော့ထည့်ပေးပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (မုန့်လုပ်သည့်အထဲထည့်ရန်)
  4. အုန်းနို့ - 200 g
  5. ဆန်မှုန့် - 20 g
  6. ပီလောပီနံမှုန့် - 120 g
  7. အုန်းသီးခြစ်ပြီးသား - 50 g
  8. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (အုန်းသီးခြစ်ပြီးသားနှင့်နယ်ပေးရန်)
  9. ဆီ - ထမင်းစားဇွန်း တစ်ဝက်ခန့် (မုန့်ပေါင်းမည့် ဘန်းကိုသုတ်ရန်)
  10. Baking paper - လိုသလောက် (မုန့်ပေါင်းမည့် ဘန်းထဲထည့်ရန်)
  11. မုန့်ပေါင်းမည့် ဘန်း - တစ်ခု (အလျှား 6လက်မ  အနံ၆လက်မ) မိမိ အဆင်ပြေတာနဲ့ သုံးပေးပါ
  12. အိုးအဖုံးကို ထုတ်ပေးရန် အဝတ်စ သန့်သန့် - တစ်စ
  13. မုန့်ပေါင်းရန် အိုး - တစ်လုံး
အုန်းသီးမှုန့်ပေါင်းရန်
  • အုန်းသီးမှုန့်နှင့်ဆားတို့ကို သမအောင် နယ်ပေးပြီး ကြွေပန်းကန်ပြား တစ်ချပ်ထဲ ထည့်ပေးပါ
  • ရွှေဖရုံသီး ပေါင်းတဲ့အိုးထဲကို ရေအနည်းငယ် ထပ်ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းခံခုံပေါ်မှာ အုန်းသီးပန်းကန်ကိုတင်ပြီး အိုးအဖုံးအုပ်ကာ ဆယ်မိနစ် ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ မီးပိတ်ပေးကာ အုန်းသီးပန်းကန်ကို အပြင်မှာ ထုတ်ထားပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • မုန့်ပေါင်းမည့် ဘန်းကိုဆီသုတ်ကာ baking paper ထည့်ပြီးခင်းပေးထားပါ
  • ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးပေးပါ
  • ရွှေဖရုံသီးပေါင်းမည့် ကြွေပန်းကန်ထဲမှာ ထည့်ပေးပါ
  • ပေါင်းမည့် အောက်ခံအိုးထဲမှာ ရေအနည်းငယ် ထည့်ပေးပြီး ပေါင်းခံခုံလေး ထည့်ပေးပါ
  • ထိုခုံလေး အပေါ်မှာ ရွှေဖရုံသီး ပန်းကန်ကို တင်ပေးပြီး အဖုံးအုပ်ပေးကာ မီးအနေတော်နှင့် ဆယ်မိနစ် ပေါင်းပေးပါ
  • ပေါင်းပြီးတာနဲ့ နူးအိနေသော ရွှေဖရုံးသီးများကို ဇရင်းဖြင့် ဖိဖိပြီး ကျေညက်သွားအောင် ချေပေးပါ
  • ရွှေဖရုံသီးများ ကျေညက်သွားတာနဲ့ အုန်းနို့ထည့်ကာ သမသွားအောင် မွှေပေးပါ
  • ဇလုံတစ်လုံးထဲမှာ ဆား သကြား ဆန်မှုန့် ပီလောပီနံမှုန့်နှင့် ရွှေဖရုံသီး အုန်းနို့ရည်တို့ကို ထည့်ကာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မုန့်ပေါင်းရန် ပြင်ထားသည့် ဘန်းထဲမှာ ထည့်ပေးကာ ရွှေဖရုံသီး ပေါင်းတုန်းက ပေါင်းအိုးထဲကို ရေအနည်းငယ် ထပ်ထည့်ပြီး မုန့်ပေါင်းမည့် ဘန်းကို တင်ပေးပါ
  • မုန့်ပေါင်းတဲ့ အခါမှာ ချွေးများမကျစေရန် အဝတ်စ သန့်သန့်နှင့် အိုးအဖုံးကို ထုတ်ထားပေးပါ
  • ပြီးတာနဲ့ အိုးအဖုံး အုပ်ပေးပြီး မီးအနေတော်နှင့် မိနစ်လေးဆယ် ပေါင်းပေးပါ
  • မုန့်ပေါင်းချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး မုန့်ဘန်းကို အပြင်ထုတ်ကာ အအေးခံပေးထားပါ
  • မုန့်ပေါင်းထားတဲ့ ဘန်းလေး အေးတာနဲ့ ပန်းကန်တစ်ခုထဲ မှောက်ပြီး သွန်ချပေးကာ baking paper ကို ခွာပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံသီး မုန့်ပေါင်းကို မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးကာ အုန်းသီးမှုန့်နှင့် လူးပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment