Saturday 9 October 2021

မုန့်ကြပ်တိုက်


 







ဒီနေ့တော့ မြန်မာမုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်ကြပ်တိုက်လေး လုပ်ပါတယ် မာမာတို့ငယ်ငယ်က အိမ်မှာ ခနခန လုပ်စားဖြစ်တဲ့ မုန့်တစ်မျိုးပါ။

ကောက်ညှင်းမုန့် ကြိုက်သူတွေအတွက် နှစ်သက်မဲ့ မုန့်တစ်မျိုးဆိုလဲ မမှားပါဘူး မုန့်ကြပ်တိုက်က ကောက်ညှင်းမှုန့်နဲ့ ရေကျက်အေးလေး ရောပြီး မုန့်စပ်ပြီး မုန့်လုပ်တဲ့ အခါမှာ မုန့်သားမပေါက်အောင် မုန့်နှစ်စပ်ပြီးတာနဲ့ သုံးနာရီလောက်တော့ မုန့်သားသေအောင် ထားပေးပါ။

ဒီတစ်ခါတော့ မာမာက အရသာ စိမ့်စိမ့်လေး စားချင်တာနဲ့ အုန်းသီးမှုန့်ရယ် နှမ်းအဖြူလေးရယ်ရောပြီး ထည့်ထားပါတယ်။ 

မုန့်ကြပ်တိုက် ဆိုပေမဲ့ ဆီနည်းနည်းနဲ့ အိုးပူတိုက်တာဘဲ ဖြစ်ပါတယ် မုန့်လုပ်တဲ့  နည်းလေးကို သိရင်တော့ စားလို့အရမ်းကောင်းသလို မုန့်လုပ်ရတာလို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ အိုးပူတိုက်နည်း ကျွမ်းကျင်ရင်တော့ ခနခန လုပ်စားဖြစ်မဲ့ မြန်မာ မုန့်လေးတစ်မျိုး ဖြစ်ပါတယ်။

မုန့်မလုပ်ခင် မုန့်သားနယ်ပြီး အနည်းဆုံး သုံးနာရီလောက် မုန့်သား အသားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် အိုးပူတိုက်တဲ့ အခါမှာ မုန့်သားက ထပေါက်ပြီး  မုန့်သားပူပူတွေ  ခပ်ဝေးဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ မုန့်သားအပူ မထိရလေအောင် မုန့်သား အသားသေအောင်ထားပြီးမှ အိုးပူတိုက်တာအကောင်းဆုံးပါ မုန့်သား အသားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ပါဘူး။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်ကြပ်တိုက်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

မုန့်ကြပ်တိုက် ဆယ်ခုစာအတွက်

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေကျက်အေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးနှင့်အနည်းငယ်
  3. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. အုန်းသီးအခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. ထန်းလျှက်ခဲ အညိုရင့်ရင့် - 200 g
  7. ရေ - 200 g ( ထန်းလျှက်ရည်ကျိုရန်)
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ထန်းလျှက်ကျိုရန်)
  9. မကပ်သောဒယ်အိုးပြား - တစ်လုံး (မုန့်လုပ်ရန်)

ပြင်ဆင်ပုံ ပြုလုပ်ပုံ
  • အိုးတစ်လုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ပေးပြီး ရေနွေးထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာတို့ကို နည်းနည်းချင်းထည့်ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပေါ်မူတည်ပြီး ရေနွေးကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
  • ရေနွေး နည်းနည်းထည့်လိုက် မုန့်သားကိုနယ်လိုက် လုပ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းကြီး မပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သား အသားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၃နာရီလောက် နှပ်ထားပေးပါ။
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တစ်ဖျစ်စာသာသာ  အနေတော် မုန့်သားကိုယူပါ
  • ပြီးတာနဲ့ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေး ရအောင်လုပ်ပေးပါ
  • မုန့်သားရှည်ရှည်လေး ရတာနဲ့ ပုံမှာပြထားတဲ့အတိုင်းရအောင် လက်မနှင့် လက်ခလယ်လေးနှင့် ထိမ်းကာ ဖိဖိပြီး ပုံဖော်ပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်သားကုန်အောင် လုပ်ပေးပါ
မုန့်လုပ်ပုံ
  • အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီပါတယ် ဆိုရုံလေးထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • ဒါကြောင့်မို့လို့ မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ်  တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
  • မုန့်ရဲ့ မျက်နှာပြင်၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ ကျွတ်ကျွတ်လေး ဖြစ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးထားပါ။
ထန်းလျှက်ရည်ကျိုရန်
  • အနေတော် အိုးတစ်လုံးထဲမှာ ဆား ထန်းလျှက်ခဲနှင့် ရေတို့ကိုထည့်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ပေါက်စေးကျအောင် ကျိုပေးပါ
  • ပေါက်စေးကျမကျ  အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • သစ်သားယောင်းမမှာ ခပ်ပျစ်ပျစ် အနေအထားနဲ့ ကပ်နေပြီဆိုရင် ရပါပြီ
  • ထန်းလျှက်ရည် ပေါက်စေးကျ အနေအထားလောက်ရရင် အအေးခံပြီး မုန့်ကြပ်တိုက်နှင့် တို့ပြီး စားလို့ရပြီ။
မှတ်ချက်
  • မြန်မာပြည်က မုန့်လုပ်ထန်းလျှက်ခဲကို အသုံးပြုပါက ထန်းလျှက်ရည် ကျိုနေစဉ် ထန်းလျှက်ခဲများ အရည်ပျော်တာနဲ့ ပိတ်စပါးပါးလေးခံကာ သဲများ အမှိုက်များ မပါအောင် စစ်ပေးပြီးမှ ပေါက်စေးကျအောင် ပြန်ကျိုပေးပါ။

No comments:

Post a Comment