Thursday 21 October 2021

ငှက်ပျောကြော်

 








အခုရက်ထဲ အကြော်လေးတွေ တစ်နေ့တစ်မျိုး မရိုးရလေအောင် ကြော်စား ဖြစ်နေပါတယ် ဒီနေ့တော့ သီးမွှေးငှက်ပျောသီးနဲ့ ကြော်မှာ ဖြစ်ပါတယ်။

သီးမွှေးငှက်ပျောသီးက တစ်လုံးကို ဆယ်လက်မ ကျောကျော် ရှိတဲ့အတွက် မာမာကတော့ သုံးပိုင်း ပိုင်းပြီးမှ ကြော်လိုက်ပါတယ်။

အကြော် ကြော်တဲ့ နေရာမှာ မာမာကတော့ tempura batter mix အကြော်မှုန့်နဲ့ ကြော်ထားပြီး မိတ်ဆွေတို့မှာ မာမာပြောတဲ့ အကြော်မှုန့်  မရှိပါက နှစ်သက်ရာ အကြော်မှုန့်တို့နဲ့ ကြော်ပေးရင် ရပါတယ်။

အကြော်  ကြော်ရတာ အရမ်းကို လွယ်ပါတယ် စားလို့လဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. သီးမွှေး ငှက်ပျောသီး - နှစ်လုံး (တစ်လုံးကို ဆယ်လက်မကျော်ခန့် ရှိပါတယ်)
  2. Tempura batter mix - 140 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်သာသာ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ tempura batter mixကို ထည့်ပေးကာ ရေကို နည်းနည်းချင်းထည့်ပြီး ခပ်ပျစ်ပျစ်လေး ဖျော်ထားပေးပါ
  • ငှက်ပျောသီးကို အခွံခွာပြီး တစ်လုံးကို သုံးပိုင်း ပိုင်းပေးပါ
  • ပြီးတာနဲ့ ဖျော်ထားသော မုန့်နှစ်မှာ ငှက်ပျောသီး တစ်ပိုင်းချင်းကို မုန့်နှစ်နှင့် ခပ်ဖူထူလေး လူးပေးပါ
  • ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး ဆီကိုမီးပြင်းပြင်းနှင့် အပူပေးပါ 
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ  မုန့်နှစ်လူးထားသော ငှက်ပျောသီး တစ်ပိုင်းချင်းကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ငှက်ပျောကြော် တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ငှက်ပျောသီးများကုန်အောင် ကြော်ပေးပါ
  • ကြော်ပြီးသားများ ဆီစစ်သွားပါက အရသာချိုချိုလေးနဲ့ ကောင်းလွန်းတဲ့ သီးမွှေး ငှက်ပျောကြော် မွှေးမွှေးလေးကို ရပါပြီ။

No comments:

Post a Comment