Saturday 15 May 2021

ကြက်ပေါင်ကြော်

 

ဒီနေ့တော့ ကြက်ပေါင်သားလေးတွေကို မွှေးပြီးကြွတ်နေအောင် ကြော်ထားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင် - ခပ်ကြီးကြီး သုံးခု
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာခန့်
  6. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစသ်သွားတာနဲ့ ကြက်ပေါင်ကို အရှည်လိုက် လှီးချပြီး အရိုးကို ထုတ်ပေးပါ
  • အရိုးထုတ်ပြီးတာနဲ့ ပြန့်ပြန့်လေး ဖြန့်လိုက်ပြီး ဓါးပြားနဲ့ သုံးလေးချက်လောက် ထုပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ဆုံထဲမှာ မညက်တစ်ညက်လေး ထောင်းထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ဆီတစ်ဝက်နီးပါးလောက် ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို အပြားလိုက် ထည့်ကြော်ပါ
  • ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် အရသာမှုန့် နှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
  • ကြက်သားကြော် ကြွတ်လာပြီ ဆိုတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေမွှေပေးပါ
  • ကြက်သွန်ကြော်မျာ ဝါရောင်ရောင်လေး သန်းလာတာနဲ့ ကြက်သားနှင့် ကြက်သွန်ကြော်များကို ဆယ်ပြီး ဆီစစ်ပေးပါ
  • ကြက်သွန်ဖြူကြော်က အကျက်လွန်ပြီး ညိုရောင်သန်းသွားပါက ခါးသွားတတ်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကြက်သားကြော် မွှေးမွှေးကြွတ်ကြွတ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment