Thursday 29 August 2019

ပီလောပီနံ ဆနွင်းမကင်း









ပီလောပီနံဥကြီးတွေ လတ်လတ်ဆတ်ဆတ် ရတာနဲ့ ဝယ်လာခဲ့ပြီး ဒီနေ့တော့ ပေါင်းစားပါတယ် စိတ်တော့ အတော်လေး ရှည်ရပါတယ်။

တစ်ချို့ကလဲ ပီလောပီနံဥက အချဉ်နဲ့ မတည့်ဘူးတို့ အများကြီးစားရင် တောက်တတ်တယ်လို့ ပြောကြ ပေမဲ့ ဘာဘဲစားစား တန်ဆေးလွန်ဘေးမို့လို့ သတိထားပြီး စားသင့်ပါတယ်။

အခုဒီမုန့်လုပ်နည်းလေးမှာ အုန်းသီးမှုန့် ပါတဲ့အတွက် အုန်းနို့အစား မာမာကတော့ နွားနို့ကို ထည့်ပြီး လုပ်ထားပါတယ်။

ဒါပေမဲ့လဲ မြန်မာမုန့်လေးတွေက ငယ်ငယ်လေးထဲက အရမ်းကြိုက်ခဲ့တာမို့လို့ စိတ်ရှည်လက်ရှည်နဲ့ ပြင်ဆင်ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပီလောပီနံဥ - 600 g
  2. သကြား - 80 g
  3. နွားနို့ - 200 ml (သို့မဟုတ်)
  4. အုန်းနို့ - 200 ml  
  5. အုန်းသီးမှုန့် - 2 cups
  6. ထောပါတ် - 2 tabs 
  7. ဆား - 1/2 teas
  8. ဘိန်းစေ့ - 1 teas
  9. မိုက်ခရိုဝေ့ သုံးလို့ရသောဗူး - တစ်ဗူး
ပြင်ဆင်ပုံ
  • ပီလောပီနံဥကို အပေါ်ယံ အခွံများခွာပြီး ရေစင်အောင် ဆေးကာ ရေစစ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း အသီးခြစ်သောခြစ်ဖြင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  • ပီလောပီနံဥ ခြစ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး သကြား ဆား အုန်းသီးမှုန်နှင့့်နွားနို့တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အရသာများ သမသွားတာနဲ့ မိမိအသုံးပြုမည့် ဗူးထဲမှာ ဖိသိပ်ပြီး ထည့်ပေးပါ
  • ဗူးထဲထည့်ပြီးတာနဲ့ အပေါ်ယံမှာ ထောပါတ်ဆီကို ဖျန်းပေးပါ
  • ထောပါတ်ဆီ အပေါ်မှ ဘိန်းစေ့များကို ဖြူးပေးပါ
  • ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေထည့်ပြီး ပေါင်းအိုးအောက်ခံခုံနှင့် ဇကာကို ထည့်ပေးပါ
  • ဇကာအထဲမှာ ပီလောပီနံ ထည့်ထားသော ဗူးကိုထည့်ပြီး အိုးအဖုံး အုပ်ပေးပါ
  • အိုးအဖုံးအုပ်ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကိုနှိပ်ကာ မိနစ်၂၀ကို ခလုတ်နှိပ်ပြီး အရင်ဆုံး ပေါင်းပေးပါ
  • မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီး အိုးအဖုံးကို ဖွင့်ကာ မုန့်သားကျက်မကျက် ဒုတ်ချွန်လေးနဲ့ ထိုးကြည့်ပါ
  • မုန့်သားမကျက်သေးပါက နောက်ထပ် ပေါင်းတဲ့ခလုတ်နဲ့ ၁၅မိနစ် ခလုတ်ကို ထပ်နှိပ်ကာ အဖုံးအုပ်ပြီး ဆက်တည်ပေးပါ
  • ၁၅မိနစ် ထပ်ပေါင်းပြီးရင်တော့ မုန့်သားပိုပြီး နပ်သွားအောင် အိုးထဲမှာ ရှိတဲ့အပူရှိန်နဲ့ နာရီဝက်လောက် ဆက်နှပ်ထားပေးပါ
  • ပြီးတာနဲ့ မိုက်ခရိုဝေ့ မီးဖိုထဲမှာ တမိနစ်ကို တခါဆီထည့်ပြီး ၈မိနစ်လောက်  ထည့်ပေးပြီးရင် ရပါပြီ
  • မိုက်ခရိုဝေ့ မီးဖိုအပြင်ဖက်ကို ထုတ်ပြီး အအေးခံပေးပြီးမှ မိမိလိုချင်တဲ့ ပုံစံရအောင် လှီးပေးပါ
  • မာမာကတော့ မုန့်သားအေးသွားတာနဲ့ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် ထည့်ထားပြီးမှ  လှီးပါတယ်
  • စိမ့်ပြီးမွှေးနေတဲ့ ပီလောပီနံ ဥပေါင်း ဆနွင်းမကင်း စိမ့်စိမ့်မွှေးမွှေးလေးကို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment