Sunday 30 August 2015

ငါးရံ့ငပိရည်ကျို ပုဇွန်ခြောက်ထောင်းအဖျော် စပ်စပ်မွှေးမွှေးလေး


ငါးရံ့ငပိအနှစ်ပုလင်း

ပုဇွန်ခြောက် ခရမ်းချဉ်သီး ငရုတ်သီးစိမ်း

မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ပြုပ်ထားပါ

ငရုတ်သီးစိမ်းကိုထောင်းဖို့ လှော်ထားပါ

ပုဇွန်ခြောက်ထောင်း ငရုတ်သီးစိမ်းထောင်း 
ခရမ်းချဉ်သီးပြုပ်ပြီး အခွံချွတ်ထားပါ

ငပိရည်ဖျော်ရန် အဆင်သင့်ရပါပြီ

ငပိရည်ကျိုနှင့် ငရုတ်သီးအလှော်မှုန့်ထည့်ကာ 
ရောဖျော်ပေးပါ

ထမင်းမိန်မိန်သုံးဆောင်ရန် အဆင်သင့်ရပါပြီ

ငါးပိရည်ကျိုတွေ အမျိုးမျိုးရှိတဲ့အထဲက ဒီနေ့တော့ ငါးရံ့ငပိရည်ကျို တနည်းအားဖြင့် ကောင်လတ်ကြီး ငါးပိရည်ကျိုကို ကျိုဖြစ်ပါတယ် ကောင်လတ်ကြီးငါးရံ့ငပိရည်ကျိုက အချိုလေးပေမဲ့ ကျိုလိုက်တဲ့အခါမှာ အရည်ကျဲပါတယ် ဒါကြောင့်မို့ ငပိရည်ကို ကောင်းကောင်း ဖျော်တတ်ဖို့တော့ လိုပါတယ် ဒါမှလဲ ပြစ်ပြစ်လေးနဲ့ စားလို့ကောင်းမှာပါ။

ပါဝင်ပစ္စည်းများ

  1. ငါးရံ့ငပိရည်ကျိုရန် အနှစ် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲသာသာနှင့် အားလုံးတို့ကိုရောပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ။
  5. ငပိရည်ရပါက ပန်းကန်တလုံးထဲ ငပိရည်များ ပြောင်းထည့်ထားပါ။

ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တလုံးကို မီးသွေးမီးဖိုရှိက အခွံများ ကျွမ်းအောင် ဖုတ်ပေးပါ။
  • မီးသွေးမီးဖို မရှိက မိုက်ခရိုဝေ့ မီးဖိုထဲ မိုက်ခရိုဝေ့ မီးဖိုသုံး ဇလုံထဲ ရေ ထမင်းစားဇွန်း ၂ဇွန်းခန့်ထည့် ခရမ်းချဉ်သီးထည့်ပြီး အဖုံးအုပ်ကာ ၃မိနစ်လောက် ထည့်တည်ပေးပါ။
  • မိုက်ခရိုဝေ့ မီးဖိုမရှိက ရိုးရိုးမီးဖိုမှာ ရေအနည်းငယ်ထည့် ခရမ်းချဉ်သီးထည့်ပြီး အခွံကွာလာတဲ့ထိ ပြုပ်ပေးပါ။
  • ခရမ်းချဉ်သီး အခွံကွာသွားပါက အခွံကိုခွာပြီး အသားကို ချေထားပါ။
  • ငရုတ်သီးစိမ်း အတောင့်ကြီးကြီး ၅တောင့်လောက်ကို လှော်ပြီး ထောင်းထားပါ။
  • ပုဇွန်ခြောက် အကောင်သေးပါက ထမင်းစားဇွန်း ၂ဇွန်းလောက်ကို မညက်တညက် ထောင်းထားပါ။
  • ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း တဇွန်းမောက်မောက်ကို ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ငပိရည်ပန်းကန်ထဲထည့်ကာ ရောဖျော်ပေးပါ။
  • အဖျော်မွှေးမွှေးလေးနှင့် အရသာရှိလှသော ငပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

2 comments:

  1. အိမ်မှာတော့မေမေတို့အဖွားတို့လဲ ငရုပ်သီးမီးဖုတ် ခရမ်းချဉ်သီးလဲမီးဖုတ် ရှိတဲ့ငါးလေးကိုမီးဖုတ် အဲလိုလေးဖျော်တာ သတိရလိုက်တာမမမာရေ.......ဒီမှာတော့အများစုက ငပိရည်ထဲ ငရုပ်သီးမုန့်ထဲ့စားကြတာများတယ် တောင်ပေါ်တိုင်းရင်းသားတွေအတော်များများပေါ့

    ReplyDelete
  2. ငပိရည်ကတော့ ဘယ်လိုဖျော်ဖျော် ကြိုက်တယ်နော် စံပယ်ချိုရေ
    တခြားဖျော်နည်းလေးတွေ သိရင်ပြောပြနော် မမာလဲ ဖျော်စားရအောင်နော်

    ReplyDelete