Friday 21 August 2015

ကြက်သားကြော် ကြွတ်ကြွတ်လေး


ဒီနေ့တော့ အရသာ တမူထူးခြားစေတဲ့ ကြက်သားပြုပ်ကြော်လေး ကြော်စားဖြစ်ပါတယ် ပြုပ်ကြော်လို့ဆိုပေမဲ့ ဘဲကင်အရသာလိုမျိုး ရပါတယ် အဲဒီလို အရသာရအောင်လဲ အရည်ခွံ မခွာထားတဲ့ ကြက်ပေါင်ရင်းသားလေးနဲ့ ကြော်မှ ရမှာဖြစ်ပါတယ် အရသာကိုတော့ မနက်ကြော်မယ်ဆို ညထဲက အရသာများနည်ကာ ရေခဲသေတ္တာထဲမှာ နှပ်ထားရပါတယ်။

ပါဝင်ပစ္စည်းများ

  • အရည်ခွံပါသော ကြက်ပေါင်ရင်းသား - ၃တုံး
  • နာနတ်ပွင့် - တပွင့်
  • ချင်း - ခပ်ပါးပါး ၂ပြား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေဆေးပြီး ကြက်သားမှုန့် နနွင်း ငရုတ်ကောင်းမှုန့် ချင်း သံပုရာရည်တို့နှင့် နယ်ထားပြီး ရေခဲသေတ္တာထဲမှာ တညလောက် ထားပေးပါ
  • ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အရသာနယ်ထားသော ပစ္စည်းများအကုန်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းလာပါက ကြက်သားတုံးများကိုဆယ်ကာ ကြော်ဖို့ပြင်ပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို ထည့်ကြော်ပေးပါ
  • တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့အသားအိအိ ကြက်ပြုပ်ကြော်လေးကို လိုသလို သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment