Monday 17 August 2015

လက်ပံခေါင်း ချဉ်ရည်ဟင်း



မအားတဲ့ကြားက ပြေးပြေးလွှားလွှားလေးနဲ့ လက်ပံခေါင်း ချဉ်ရည်ဟင်းလေး လာပို့ပါတယ် ချက်ရလွယ်သလောက် စားရတာကောင်းလွန်းလို့ ကြက်သားဝက်သားများနဲ့ မလဲနိုင်ပေါင်ရှင်ပေါ့နော်။

မာမာနေတဲ့မြို့လေးမှာ လမ်းဘေးအလှစိုက်ကြတဲ့ လက်ပံပင်လေးတွေက ကြွေကျနေတဲ့ အပွင့်လေးတွေကိုကောက်ပြီး နေလှန်းကာ ချက်ထားတာပါ အင်မတန်စားလို့ကောင်းတဲ့ လက်ပံခေါင်းဟင်းလေးမို့ ကြုံတဲ့အခါ ချက်စားဖို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. လက်ပံခေါင်းအခြောက် - ၁၀ခု
  2. ဂေါ်ရခါးသီး - အလုံးကြီးကြီး တခြမ်း ဗူးသီးနဲ့လဲ ချက်လို့ရပါတယ်
  3. ဂေါ်ဖီအကြမ်းဖတ် - ၂ရွက်
  4. ပန်းဂေါ်ဖီ - အခက်ကြီးကြီး ၃ခက်
  5. ပန်းဂေါ်ဖီအရိုး - ခပ်နုနု ၅ရိုး
  6. မုံလာဥနီ - ဥကြီးကြီး တစ်ပိုင်း
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  8. ပုဇွန်ထုတ် - ၅ကောင်
  9. မကျီးသီးမှည့် -  ကွမ်းသီးဆံ အလုံးလောက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ငရုတ်သီးမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  17. ကြက်သွန်နီ - အနေတော် တစ်ဥ
  18. ချင်း - အနည်းငယ်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လက်ပံခေါင်းအခြောက်ကို မချက်ခင် နာရီဝက်လောက် ရေစိမ်ထားပါ
  • မကျည်းသီးအမှည့်ကိုလဲ ရေစင်အောင်ဆေးပြီး ရေစိမ်ထားပါ
  • ငရုတ်သီးမှုန့်ကို ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ထောင်းထားပါ
  • ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းထဲမှ အမဲအိတ်နှင့်ကြောဘက်မှ အမဲကြောင်းတို့ကို ထုတ်ထားပါ
  • ဂေါ်ဖီ ဂေါ်ရခါးသီး မုံလာဥနီ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီအရိုး ခရမ်းချဉ်သီးတို့ကို ရေစင်အောင်ဆေးကာ သင့်သလိုလှီးပြီး လက်ပံခေါင်းများနှင့်အတူ ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်တို့ကို အိုးတလုံးထဲထည့်ပါ
  • ထိုအထဲသို့ ပုဇွန်နှင့် ငရုတ်သီးထောင်း ဆီတို့ထည့်ကာ နယ်ပေးပါ
  • နယ်ပြီးပါက ရည်အနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူပြီး အရွက်များ နူးလာပါက အဖုံးဖွင့်ပြီးမွှေကာ ရေလိုသလောက်ထဲ့ပြီး ဆူအောင်ထပ်တည်ပါ
  • ရေဆူလာပါက မကျီးရည်ထည့်ကာ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ ရေပွက်ပွက်ဆူလာရင် လက်ပံခေါင်း ချဉ်ရည်ဟင်းလေး ရပါပြီ။
လက်ပံပွင့်ကို ပွင့်ဖတ်များဖယ်ပြီး
ခြောက်သွားတဲ့အထိ နေလှန်းပေးပါ

နေပူပူမှာ ၃ရက်လောက် လှမ်းပေးရင် ရပါတယ်

ပါဝင်သောအသီးအရွက်များနှင့် ရောပြီး ချက်ပါမယ်

ငရုတ်သီးဆားထောင်း

တို့စရာ


No comments:

Post a Comment