Sunday 7 April 2013

ပင်လယ်စာ ချဉ်ပေါင်ဟင်း


မာမာ့ခြံထွက် ချဉ်ပေါင်ပင်ကရတဲ့ ချဉ်ပေါင်ဖြူ  ချဉ်ရည်ဟင်းလေးပါ တစ်ပင်ထဲပေမဲ့ တစ်ခါခူးရင် မိသားစု ညမနက် စားရလောက်အောင်ကို ရပါတယ် ဒီနေ့တော့ မာမာက ပင်လယ်စာအစုံလေးတွေနဲ့ ချဉ်ရည်ဟင်းလေး ချက်ထားပါတယ် အရမ်းကို ထမင်းမြိန်တဲ့ အရည်သောက်ဆမ်း ဟင်းလေးပါ။

ချဉ်ပေါင်ဖြူက အရမ်းမချဉ်တဲ့အတွက် အချဉ်မကြိုက်တဲ့ သူတွေအတွက်တော့ အရမ်းကို အဆင်ပြေပါတယ် နောက်ပြီးချဉ်ပေါင်ဖြူက ကျန်းမာရေးအတွက် ပိုပြီးကောင်းပါတယ် မာမာကတော့ ချဉ်ပေါင်ဆိုရင် ချဉ်ချဉ်ခါးခါး ဘယ်ချဉ်ပေါင်ဘဲဖြစ်ဖြစ် နှစ်သက်ပါတယ်။

ဒီနေ့ချက်တဲ့ ချဉ်ပေါင်ဟင်းကို မာမာက ပင်လယ်စာလေးတွေနဲ့ ငရုတ်သီးလုံးခြမ်းကွဲနဲ့ စပ်စပ်လေးချက်ထားတာမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျိုထားသော ချဉ်ပေါင်ရွက် - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးမောက်မောက်
  2. ပင်လယ်စာအစုံ - ဟင်းပြင်ပန်းကန် တစ်လုံး
  3. ငရုတ်သီးစိမ်း - နှစ်တောင့်

ချဉ်ပေါင်ရွက်ကျိုရန် 
  • ချဉ်ပေါင်ရွက် - အနေတော်ဇကာ တစ်လုံးစာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငရုတ်သီးအကြမ်းမှုန့် - ထင်းစားဇွန်း တစ်ဇွန်း
  • ထောင်းထားသောကြက်သွန်နီ - တစ်ခြမ်း
  • ထောင်းထားသောကြက်သွန်ဖြူ - နှစ်မွှာ
  • ရေ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးခွဲစာ (အားလုံးရောပြီးရေခမ်းအောင်ကျိုပေးပါ)
ပင်လယ်စာအရသာနယ်ရန်
  • ပင်လယ်စာအစုံ - 250 g
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • ငပိရည်ကျို - ထမင်းစားဇွန်းသုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်


တပင်ထဲသော ချဉ်ပေါင်ဖြူပင်


 ပင်လယ်စာအစုံနဲ့ ချက်ဖို့ပြင်ပါတယ်


ကျိုထားသော ချဉ်ပေါင်ရွက်များကို အိုးထဲမှာထဲ့ပြီး 
ရေအနည်းငယ်ထဲ့ကာပွက်ပွက်ဆူအောင်တည်ပါ 
သုံးမိနစ်လောက်ဆူပြီးပါက အရသာနယ်ထားသော
ပင်လယ်စာများကိုထဲ့ပြီး ပင်လယ်စာများ လုံးမိသွားအောင်
ငါးမိနစ်လောက်ရေဆူအောင် တည်ပေးပါ


ပင်လယ်စာများ လုံးမိသွားပါက ရေကိုလိုသလောက်ထဲ့ပြီး 
ပွက်ပွက်ဆူအောင်ဆယ်မိနစ်လောက်တည်ပေးပါ 
နောက်ဆုံးမှ ငရုတ်သီးစိမ်းကို သုံးပိုင်းချိုးပြီးထဲ့ပေးကာ
နှစ်မိနစ်လောက် ဟင်းရည်ဆူပါက အရသာမြည်း၍ လိုသလိုပြင်ပါ



ပင်လယ်စာနဲ့ချက်ထားတဲ့ ချဉ်ပေါင်းဟင်းရည် ပျစ်ပျစ်လေးရပါပြီ

6 comments:

  1. ဗိုက်ဆာနေချိန် အစ်မရဲ့ချဉ်ပေါင်းဟင်းရေလေး ကြည့်လိုက်ရတာ..
    ငိုတောင် ငိုချင်သွားတယ်..
    ငါးပိရေ တို့စရာနဲ့ မြိန်လိုက်မဲ့ဖြစ်ခြင်း.... ^_^

    ReplyDelete
    Replies
    1. မငိုပါနဲ့ ညီမလေးရယ် မမာ လာပို့ပေးပါ့မယ်နော်

      Delete
  2. ဗိုက်ဆာသွားပြီမမာရေ။
    ချဉ်ပေါင်မရှိတဲ့အရပ်ရောက်နေလို့ ပိုစားချင်တယ်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ကျွေးချင်လိုက်တာ အိုင်အိုရာရယ်
      အိမ်ချင်းနီးရင်ကောင်းမှာဘဲနော်

      Delete
  3. တိုက်တိုက်ဆိုင်ဆိုင်..ကူးလဲမနေ့က ဈေးမှာ ငါးခေါင်းနဲ့ဗိုက်သား တွေ့လို့ ချဉ်ပေါင်နဲ့အချဉ်ဟင်းချက်စားတယ်..

    ReplyDelete
    Replies
    1. ငါးခေါင်းနဲ့ဗိုက်သားမစားရတာ ကြာပြီ
      စားချင်လိုက်တာ ကူးရယ်

      Delete