Thursday 1 November 2012

ကြက်ဆီထမင်း


မာမာ ဒီနေ့ကြက်ဆီထမင်းလေး ချက်ပါတယ် တစ်နေ့တစ်နေ့ ဘာချက်ရင်ကောင်းမလဲ ဘာစားရရင်ကောင်းမလဲဆိုတဲ့ အတွေးတွေက အိမ်ရှင်မတွေအတွက် တော်တော်လေး ခေါင်းစားတဲ့ အလုပ်တစ်ခုပါ။

အသားငါး အကုန်စားတဲ့ မိသားစု ဆိုရင်တော့ သိပ်စဉ်းစားစရာ မလိုပေမဲ့ အသားငါးတွေရှောင်တဲ့ မိသားစုတွေ အတွက်တော့ အရမ်းကို စဉ်းစားရပါတယ်။

မနက်စာ အတွက်ကို ညထဲက မေးရပါတယ် ဘာစားချင်ကြလဲ ဘယ်လိုလေး ချက်ပေးရမလဲ သူတို့ဆီကအဖြေရရင်တော့ အဆင်သင့် ချက်ပေးလိုက်ရုံပါဘဲ သူတို့ဆီက အဖြေမရတဲ့ နေ့ဆိုရင်တော့ ကိုယ့်စိတ်ထဲရှိတာလေးဘဲ ချက်လိုက်ပါတယ်။

ဒီနေ့တော့ မာမာစိတ်ထဲ ရှိတဲ့အတိုင်း ကိုယ်စားချင် သလိုလေးဘဲ ချက်လိုက်ပါတယ် မာမာ ဒီနေ့ချက်တဲ့ ကြက်ဆီထမင်းလေးက အရမ်းလွယ်ပါတယ်။

မနေ့ညက TV အစီအစဉ် တခုကလာတဲ့ ကြက်ဆီထမင်း ချက်နည်းလေးကိုကြည့်ပြီး ချက်ထားတာပါ သူကတော့ မြေအိုးလေးနဲ့ ချက်ပါတယ် မာမာကတော့ မြေအိုးမရှိတာနဲ့ ထမင်းပေါင်းအိုးလေးနဲ့ ဘဲချက်လိုက်ပါတယ်။

ချက်နည်းလေးက ပကာသန မဖက်သလို အရမ်းကို ရိုးရှင်းပါတယ် ဒါပေမဲ့ချက်ပြီးတဲ့ အခါမှာတော့ စားလို့အရမ်းကောင်းတဲ့အတွက် ရိုးရှင်းလွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ ကြက်ဆီထမင်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - တကီလိုခန့်
  2. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  3. ကြက်အဆီဖတ် - ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
  4. စပါးလင် - ၈လက်မခန့်
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တလုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန်  ခွဲသုံးပါ)
  7. ကြက်သွန်မိတ် - ၃ပင်
  8. ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
  9. နံနံပင် - အနည်းငယ်
  10. ငရုတ်သီးစိမ်း - ၅တောင့်
  11. သံပုရာသီး - တခြမ်း
  12. ပျားရည် - ထမင်းစားဇွန်း တ၀က် ပျားရည်မရှိက သကြား ထမင်းစားဇွန်း တဇွန်း
  13. ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၃ဇွန်း
  14. သခွားသီး - အနည်းငယ်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း  ၂ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ ( ကြက်ပြုပ်ထဲ၂ဇွန်းထည့်ရန်နှင့် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
  17. ရေ - လိုသလောက် သုံးပေးပါ
  18. ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး (ထမင်းချက်ရန်)


ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  • ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ
  • စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  • ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  • တဖက်ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ
  • မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
  • ဆား အနည်းငယ်ကို ပြင်ထားပါ
  • ကြက်အဆီဖတ်ကို ရေဆေးထားပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်း
  • ဒယ်အိုးတလုံးကို အပူပေးပါ
  • ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  • ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
  • ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ
  • သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ 
  • ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး  ဆန်မာကိုသုံးပါက ရေပိုထည့်ပါ
  • ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
  • ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • နံနံပင်ကို မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ
  • ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ

ဟင်းချိုရည်ချက်ရန်

  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။

16 comments:

  1. ကြက်ဆီထမင်းလေး တစ်ဝကြီး စားသွားပါပြီ.. ^_^

    ReplyDelete
  2. ကြက်ဆီထမင်းတခါမှ ချက်မစားဘူးသေးဘူး... နည်းလေးယူသွားပါတယ်နော်အမ..

    ReplyDelete
    Replies
    1. အရမ်းစားလို့ကောင်းတယ် ညီမလေး
      ချက်ကြည့်နော်

      Delete
  3. ကြက်ဆီထမင်းတခါမှ ချက်မစားဘူးသေးဘူး
    ခုတော့ ချက်နည်းသိသွားပြီ ချက်စားဦးမယ် မမမာ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ချက်ကြည့်ညီမလေးရေ ကြက်သွန်ဖြူ နီ ချင်းကိုဆီတ်ပြီးဆန်ကိုထဲ့ကြော်တာရယ် ကြက်ပြုပ်ရည်ထဲ့တာကလွဲပြီးရိုးရိုးထမင်းချက်သလိုပါဘဲ အရမ်းလွယ်ပါတယ်

      Delete
  4. Replies
    1. ကျေးဇူးပါ ညီမလေးရေ...^-^

      Delete
  5. အရမ်းကြိုက်တယ် မမမာ စားချင်လိုက်တာ

    ReplyDelete
    Replies
    1. အရမ်းကျွေးချင်ပါတယ် စုရေ

      Delete
  6. တီတီမာရေ ရိုးရိုးအိမ်မှာရှိတဲ့ဆန်နဲ့ရောချက်လို့ရပါသလားရှင်

    ReplyDelete
    Replies
    1. ချက်လို့တော့ရပါတယ် ထမင်းသားမရှည်တာတစ်ခုပါဘဲ San ရေ
      ထမင်းကတော့ထမင်းပါဘဲ အရသာလဲအတူတူပါဘဲ
      ထမင်းသားမရှည်တော့ မလှတာတစ်ခုပါဘဲ
      ချက်ကြည့်ပါနော်

      Delete
  7. ကျွန်တော့်မွေးနေ့မှာကျွေးချင်လို့လိုက်ရှာနေတာ ခုမှသိတော့တယ်... ကျေးဇူး

    ReplyDelete
    Replies
    1. ချက်နည်းလေးက လွယ်ပါတယ်နော်

      Delete
  8. ကျွန်တော်လည်း စားသွားပါတယ်.. အရမ်းကောင်းပါတယ်။ :)

    ReplyDelete