Wednesday, 16 March 2016

အုန်းဆီချက် အုန်းထမင်း




ဒီနေ့တော့ အုန်းထမင်းနဲ့ အမဲသား ချက်ပါတယ် ဒီတစ်ခါချက်တဲ့ အုန်းထမင်း ချက်နည်းလေးက ပိုမွှေးပြီး စားရတာလဲ အရသာ ပိုကောင်းပါတယ် အုန်းနို့ကို အုန်းဆီချက်ပြီးမှ ထည့်ချက်တာမို့လို့ အုန်းနို့ဖတ်က ထမင်းကို ပိုပြီးမွှေးစေပါတယ်။

ဒါကြောင့်မို့လို့ စားမြိန်ဖွယ်ရာ စိမ့်စိမ့်မွှေးမွှေးလေးနဲ့ စာလို့အရမ်းကောင်းတဲ့ အုန်းထမင်းချက်နည်း မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး (ထမင်းချက်ရန်)
  3. ကြက်သွန်နီ - အလုံးသေးသေး ငါးလုံး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အုန်းဆီချက်ပြီးသား - ထမင်းစားဇွန်း ငါးဇွန်း
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

အုန်းဆီချက်ရန်
  • ရယ်ဒီမိတ် အုန်းနို့ဗူး 200 g ကို ဆီ ထမင်းစားဇွန်း ငါးဇွန်းခန့်ထည့်ပြီး မီးအနေတော်နှင့် ချက်ပေးပါ
  • အုန်းဆီချက်နေစဉ် မကြာမကြာ မွှေပေးပြီး အုန်းနို့ရည်များ ခဲပြီးဥလာပါက အုန်းနို့ဆီချက် ရပါပြီ။
ပြင်ဆင်ပုံ
  • ရိုးရိုးထမင်း ချက်သလိုဘဲ ဆန်ကိုရေဆေးပြီး ထမင်းပေါင်းအိုးထဲမှာ ထည့်ပေးပါ
  • ဆန်အိုးထဲမှာ ဆား အုန်းဆီချက် ကြက်သွန်နီ  သကြားနှင့်  ရေတို့ထဲ့ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ရိုးရိုးထမင်း ချက်သလို ချက်တာမို့ ခလုတ်တက်ရင် အုန်းထမင်း ကျက်ပါပြီ
  • ကြက်သားဟင်း သိုးသားဟင်း ဆိတ်သားဟင်း အမဲသားဟင်း ကြိုက်နှစ်သက်ရာ အသားဟင်းများနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။
အုန်းနို့ကို ရယ်ဒီမိတ်လာသော ဗူးများကိုသုံးနိုင်သလို အုန်းသီးအနေတော် တစ်ခြမ်းကို ခြစ်ပြီး အရည်ညှစ်ယူလို့လဲရပါတယ်။

Tuesday, 15 March 2016

ပဲငံပြာရည် ထမင်းကြော်


ဒီတခါတော့ ပုဇွန်ထုတ်နဲ့ ထမင်းကြော် မွှေးမွှေးလေးကြော်ပြီး ထမင်းကြော် တမျိုးထဲနဲ့ဟင်းလွတ် ထမင်းကြော် တမျိုးထဲနဲ့ အဆင်ပြေ စားကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ကြက်ဥ - နှစ်လုံး 
  6. ကြက်သွန်နီ - အနေတော် တစ်ဥ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  8. မုံလာဥနီ - အနေတော် တစ်ဥ
  9. ပန်းဂေါ်ဖီ - အနေတော် ငါးခက်
  10. ပဲတောင့်ရှည် - သုံးတောင့် 
  11. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက် 
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ထမင်းအိုး ခလုတ်တက်တာနဲ့ ထမင်းဖြူကို အအေးခံထားကာ ထမင်းများကို ဖွထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ပွလာတဲ့အထိ ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး ခပ်သေးသေး အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့် ထည့်ပေးပြီး ကြက်ဥကျက်အောင် မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ လှီးထားသော ပန်းဂေါ်ဖီ  မုံလာဥနီ ပဲသီးနှင့် ဆားတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူ  နှမ်းဆီနှင့် အရသာမှုန့်တို့ ထည့်ပေးပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်ဥ ထမင်းကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပေးကာ စားသုံးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

Monday, 14 March 2016

ဂုံးသုပ်




ဂုံးသုပ်လို့ နံမည်ပေးထားပေမဲ့ မြန်မာပြည်က ဂုံးလိုတော့ သိပ်ပြီးမမွှေးလှပါဘူး အသားတော့ မြန်မာပြည်က ဂုံးထက် ပိုပြီးထူပါတယ် seafood ၀ယ်တိုင်း ပါလာတာတတ်တာမို့ ဒီတခါတော့ သူ့ကိုသတ်သတ်ဖယ်ပြီး မြန်မာမှုပြုလိုက်တာပါ ဒီသုပ်နည်းလေးက မာမာ့အမေ ခနခနသုပ်ကျွေးတဲ့ နည်းအတိုင်း သုပ်ထားတာပါ တခါစားမိရင် နောက်တခါ ထပ်သုပ်စားချင်လောက်အောင် ကောင်းလွန်းပါတယ်။

စပါးလင် ရှောက်ရွက် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် သံပုရာသီးတို့ကို နိုင်နိုင်သာ ထည့်ပြီု သုပ်လို့ကတော့ လျှာလည်စေတဲ့ အသုပ်တပွဲ ဖြစ်လာမှာပါ။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီး အခွံခွာထားသော ဂုံး - 350 g
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက် 
  3. စပါးလင် - အပင်အရင်းသား တစ်လက်မသာသာ 
  4. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  5. ရှောက်ရွက် - နှစ်သက်သလောက်
  6. သံပုရာသီး - လိုသလောက်
  7. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  11. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း ၂ဇွန်း

ဂုံးပြုပ်ရန်လိုအပ်သော ပစ္စည်းနှင့်ပြင်ဆင်ပုံ
  • အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ ရေ တရုတ်ဟင်းရေသောက်ပန်းကန်လုံး ၂လုံးစာနှင့် ထုထားသော  စပါးလင်တလက်မခန့် ချင်း ခပ်ပါးပါးတပြား  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ ၂မွှာ ဆားအနည်းငယ်တို့ထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေကို ၅မိနစ်လောက် ပေးဆူစေပြီးမှ အစာအိတ်ဖယ်ထားသော ဂုံးများကို ထည့်ပေးပါ
  • ရေပွက်ပွက်ထဲမှာ  ၄မိနစ်လောက် ဆူပြီးတာနဲ့ ဇကာတခုထဲသွန်ချပြီး စပါးလင် ချင်း ကြက်သွန်ဖြူတို့ကို ဖယ်ထားပေးပါ

အသုပ်သုပ်ရန် လိုအပ်သောပစ္စည်းများ
  • ကြက်သွန်နီ - ဥကြီးကြီး တဥကို ပါးပါးလှီးပါပြီး ရေဆေးကာ စစ်ထားပေးပါ
  • ငရုတ်သီးစိမ်း - ၃တောင့်ကို ခပ်ပါးပါးလှီးထားပါ
  • စပါးလင် - ၂လက်မလောက် ခပ်ပါးပါးလှီးထားပါ
  • ရှောက်ရွက် - နှစ်သက်သလောက်ကို ပါးပါးရိတ်ရိတ် လှီးထားပါ
  • ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 
  • သံပုရာသီး - လိုသလောက်
  • ပဲအကျက်မှုန့် -ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ပြုပ်ထားသော ဂုံးများ ကြက်သွန်နီ စပါးလင် ငရုတ်သီးအလှော်မှုန့် ငရုတ်သီးစိမ်း  ငံပြာရည် ဟင်းချိုမှုန့် ဆီချက် ရှောက်ရွက်တို့နှင့်အတူ သံပုရာရည်ညှစ်ပြီး ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • နယ်ပြီးပါက အရသာမြည်းပြီး  လိုသလိုပြင်ကာ ချဉ်ငံစပ်  ဂုံးသုပ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ

Sunday, 13 March 2016

ပြည်ကြီးငါး အချိုကြော်


မနေ့က မာမာ့မွေးနေ့မို့ အလုပ်နည်းနည်းလေး များသွားခဲ့ပေမဲ့ ချစ်သူခင်သူတွေရဲ့ ဆုတောင်းသံတွေကြားမှာ အရမ်းကို ပျော်ခဲ့ပီတိဖြစ်ခဲ့ရပါတယ် အလုပ်လေး နည်းနည်းများသွားလို့ ဟင်းအသစ် မချက်ဖြစ်ခဲ့တာမို့လို့ အရင်ကြော်ထားတဲ့ ပြည်ကြီးငါး အချိုကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပြည်ကြီးငါး ချက်နည်းလေးသိချင်လို့ မေးလာတဲ့သူတွေ အတွက်ပါ ပြည်ကြီးငါးတို့ရဲ့သဘာဝ ရေငံငါးမို့နဲနဲလေး အနံ့ရှိပါတယ် သူ့ကိုအနံ့ပျောက်အောင် အရင်ဆုံး သံပုရာရည်နဲ့နယ်ပြီးဆေးပါတယ် ပြီးမှအရသာများနယ်ကာ ဆယ်မိနစ်လောက် နှပ်ထားပြီးမှ ကြော်ထားပါတယ်။ ကြက်သွန်နီကို မွှေးလာအောင် ကြော်ပြီးမှ ပြည်ကြီးငါးကို ကြော်ထားတာမို့ ငါးအနံ့ပိုပြီး ပျောက်စေပါတယ်။

ပါဝင်ပစ္စည်းများ

  1. အကောင်လိုက် သန့်စင်ထားသော ပြည်ကြီးငါး - 300 g 
  2. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ -၂ မွှာ
  4. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြည်ကြီးငါး အရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ဆီကိုအရင်ဆုံး အပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် ထဲ့ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ တို့ကိုထဲ့ပြီး မွှေးလာတဲ့ထိ ကြော်ပေးပါ
  • အရသာ နယ်ထားသော ပြည်ကြီးငါးကိုထဲ့ပြီး ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပြီးတာနဲ့ ငါးမှထွက်လာသော ရေခမ်းတဲ့ကြော်ပေးပါ
  • ရေခမ်ပြီး ဆိုတာနဲ့ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပါ
  • မွှေးပြီး စားလို့ကောင်းလွန်းတဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးရပါပြီ။

Saturday, 12 March 2016

ငါးဇင်ရိုင်း အိုးကပ်ဟင်း


ငါးဇင်ရိုင်း ငါးလေးတွေရတော့ ဆီနည်းနည်းနဲ့ အချဉ်အိုးကပ်လး ချက်မိသွားခဲ့ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ အိုးကပ်ချက်နည်းလေး  မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ထားသော ငါးဇင်ရိုင်း - 400 gm
  2. ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ညက်နေအောင်ထောင်းထားသော ချင်း - လက်တစ်ဆစ်
  5. မကျည်းမှည့်အနှစ် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
  6. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ဆီ ထမင်းစားဇွန်း - လေးဇွန်းသာသာ
  8. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ဆူးတောင်များခုတ် ဗိုက်ခွဲပြီး မလိုတာတွေထုတ်ကာ ရေစင်အောင်ဆေးပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငါးကိုထဲ့ပေးပါ
  • ငါးထဲကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့်ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်းသာသာထဲ့ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထဲ့ပေးပါ
  • ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်သာသာထဲ့ပေးပါ
  • အားလုံးထဲ့ပြီးပါက ငါးကိုအရသာဝင်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို အရင်ဆုံးထဲ့ပြီးတာနဲ့ ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ငရုတ်သီးအရောင်တင်မှုန့်ကိုထဲ့ပြီး ၂မိနစ်လောက်မွှေပေးပါ
  • ငရုတ်သီးဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ငါးအရသာနယ်ကိုထဲ့ပြီး အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ
  • ရေဆူလာပါက မကျည်းမှည့်အနှစ်ထဲ့မွှေပြီး အဖုံးအုပ်ပြီးပြန်ချက်ပါ
  • ရေမခမ်းခင် အိုးအောက်ခြေ အရမ်းမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပြီး အရသာမြည်းကာ မီးပိတ်ပေးပါ
  • ငါးဇင်ရိုင်း အိုးကပ်အချဉ်ဟင်းလေး ရပါပြီ။

Friday, 11 March 2016

ပြည်ကြီးငါး အစပ်ကြော်



တခါတလေ အသားဟင်း ဆီပြန်တွေ စားရတာ စိတ်ထဲ အီလယ်လယ် ဖြစ်လာလေတော့ ဒီတခါ ပြည်ကြီးငါးကို အစပ်ကြော်ပြီး ထမင်းပူပူလေးနဲ့ စားဖို့ပြင်ထားပါတယ် ပြင်ဆင်ချိန် ကြော်ချိန်က သိပ်မကြာဘဲ စားလို့ကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ဆေးကြောထားသော ပြည်ကြီးငါး - အကောင်ကြီးကြီး ၂ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  5. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  6. အာလူးမှုန့် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာ

ပြင်ဆင်ပုံ
  • သန့်စင်ထားသော ပြည်ကြီးငါးကို အရှည်လိုက် တ၀က်ခြမ်းပေးပြီး ပုံပါအတိုင်း လက်တလုံးစာလောက် ကန့်လန့်ဖြတ် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • ငရုတ်ကောင်းကို ထောင်းထားပါ
  • အာလူးမှုန့်ကို ပြင်ထားပါ
  • လှီးထားသော ပြည်ကြီးငါးကို ဆား ငရုတ်ကောင်း အာလူးမှုန့်တို့နှင့် ခပ်ဖွဖွ ရောနယ်ပေးပါ
  • ဒယ်အိုးကို အပူပေးပြီး အရသာနယ်ထားသော ပြည်ကြီးငါးကို တခုခြင်း ထည့်ကြော်ပေးပါ
  • တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပြီး တခုလုံး ရွှေဝါရောင်သန်းလာလျှင် ဆယ်ထားပေးပါ
  • ပြည်ကြီးငါး ကြော်ထားသော ဆီများကို အိုးထဲမှာ ထမင်းစားဇွန်း ၃ဇွန်းစာလောက်ဘဲ ချန်ထားပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူနှင့် ငရုတ်သီးနံ့ သင်းလာပါက ပြည်ကြီးငါးကြော်ကို ထည့်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ပြည်ကြီးငါးကြော် စပ်စပ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးရန် ပြင်ဆင်ပေးပါ။

Thursday, 10 March 2016

ပလာတာနဲ့ သီးစုံဟင်း


တစ်ခါတစ်ရံတော့ ပလာတာကို အသီးအရွက်ဟင်းနဲ့စားရတာ အရမ်းကို စားလို့ကောင်းပါတယ် သကြားနဲ့စားလဲကောင်း ပဲပြုပ်ဆီဆမ်းလေးနဲ့ စားလဲကောင်း ကြက်သားဟင်းလေးနဲ့စားလဲ အရမ်းကောင်းတဲ့ ပလာတာကို ဒီနေ့တော့ သီးစုံဟင်းနဲ့ စားရအောင် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

စာဖတ်ပြီးလုပ်ရင်တော့ လွယ်မယောင်ပါဘဲ တကယ်လက်တွေ့လုပ်တော့ အလေ့အကျင့်မရှိရင် ခက်ပါတယ် ဆရာမပြ နည်းမကျနိုင်သော မုန့်လုပ်နည်း တမျိုးပါ အိမ်မှာလုပ်စားရန် အဆင်ပြေပေမဲ့ စီးပွားဖြစ် လုပ်မယ်ဆိုရင်တော့ သင်တန်းမှာ လက်အသားကျအောင် သင်ပြီးမှ လုပ်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 150 g
  2. ရေ - 400 ml
  3. ဆီ - 50 g
  4. ထောပတ် - 30 g
  5. ကြက်ဥ -နှစ်လုံး

ပြုလုပ်ပုံ

  • ဇလုံတစ်လုံးထဲမှာ ဆီမှလွဲပြီး ဂျုံမှုန့် ကြက်ဥနှင့် ရေတို့ကိုထည့်ကာ မုန့်သားညက်တဲ့အထိ သေသေချာ နယ်ပေးပြီး အ၀တ်ရေစို သန့်သန့်နှင့် တစ်နာရီလောက် အုပ်ပေးထားပြီး နှပ်ထားပါ
  • နှပ်ထားပြီးသား ဂျုံသားကို အရွယ်တူ အလုံးလေးများ ၆ လုံးခန် ရွယ်တူလုံးပြီး စီထားပေးပါ
  • လက်မှာဆီသုတ်ပြီး အလုံးများကို ပြင်လုံးပြီး အ၀တ်အုပ်၍ ၁၅မိနစ်မိနစ်ခန့် ထပ်ပြီး နှပ်ထားပါ
  • ပလာတာလုပ်မည့် စားပွဲမျက်နှာပြင်သည် ညီညာနေရပါမယ် 
  • ထိုစားပွဲဧ။် မျက်နှာပြင်ကို ဆီနှံ့အောင် သုတ်ထားပြီး ဂျုံလုံးတခုယူကာ လက်ဖြင့်အသာ ဖိပြီးဖြန့်ပေးပါ
  • လက်ဖြင့် ဖြန့်ပြီးတာနဲ့ မုန်းလှိမ့်သော ဒလိမ့်တုံးဖြင့်လှိမ့်ကာ ရသလောက် အပြန့်ကြီးကြီး ရအောင် ဖြန့်ပေးပါ
  • လှိမ့်၍ပြန့်လာသော ဂျုံသားဘးထောင့်စွန်း နှစ်ဘက်ကို လက်နှင့်ကိုင်ပြီး အပြန်အလှန်ရိုက်ပေးပါ
  • လက်ကျင့်သား မရှိပါက အလွယ်တကူ မလုပ်သော ပလာတာလုပ်နည်း ဖြစ်တဲ့အတွက် အ၀တ်စတခုနှင့် အရင်လေ့ကျင့်ပြီးမှ ပလာတာကို လုပ်သင့်ပါတယ်
  • ဂျုံသားပါးလှပ်လှပ်လေး ရလာတာနဲ့ ဆီကိုလက်နှင့် ဆုတ်ယူကာ ဂျုံပြားပေါ်မှာ လက်နဲ့လိုက်တောက်ပါ
  • ပြီးတာနဲ့ ထိပ်တစ်ဖက်မှ ယပ်တောင်ခေါင်ပုံစံ စုစည်းလိပ်ယူကာ အလယ်ဗဟိုကို ထိုးထည့်ပြီး အစကို သိမ်းလိုက်ပါ
  • အားလုံးကို အထက်ပါ ပုံစံအတိုင်း လုပ်ပေးပြီးတာနဲ့ မုန့်လုံးများကို ဆီနှင့်လိုက်တောက်ပေးကာ အ၀တ်စနှင့် ၁၅မိနစ်လောက်အုပ်ပေးပြီး မုန့်သားသေအောင် နှပ်ပေးပါ
  • ပလာတာကြော်ရန် ဒယ်ပြားကို ထောပတ်ထည့်ပြီး အပူပေးထားပြီး ထောပတ်ပူလာတာနဲ့ မီးကိုအလယ်အလတ်လောက်အထိ လျှော့လိုက်ပါ
  • ဆီဝနေသော ဂျုံလုံးကို တလုံးခြင်းယူကာ ဒလိမ့်တုံးနှင့် ဖြန့်ပေးပြီး ဒယ်ပြားထဲ ထည့်ပေးပါ
  • အပြင်သား ကြွတ်လာပြီဆိုရင် ပလာတာ မွှေးမွှေးလေး ရပါပြီ
  • ပလာတာကို မစားခင် လက်ဝါးနှစ်ဖက်ကြား ဒေါင်လိုက်ထည့်ကာ ခပ်ဖွဖွလေး ရိုက်ပေးပါက အသားလေးများ မွထွက်လာတာနဲ့ ဖွာပေးပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ။
အသီးအရွက် ဟင်းချက်ရန် ပါဝင်ပစ္စည်းများ

  1. ဂေါ်ရခါးသီး - တစ်လုံး
  2. မုံလာဥနီ - အနေတော် တစ်ဥ 
  3. အာလူး - အလုံးကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  13. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  14. နံနံပင် - အနေတော် သုံးပင်
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  1. ဂေါ်ရခါးသီးကို အခွံခွာပြီး ရေဆေးကာ အနေတော် တုံးထားပါ 
  2. မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး အနေတော် တုံးထားပါ
  3. အာလူးကို အခွံခွာကာ ရေဆေးပြီး အနေတော် တုံးထားပါ
  4. ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  5. နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ပေးထားပါ
  6. မန်ကျည်းသီးမှည့်ကို ရေဆေးပြီး လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးလောက်နှင့် ရေစိမ်ထားပါ
  7. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်တို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထေားင်းထားပါ
  8. ဇောက်နက်သော အိုးတစ်လုံးကို ပူအောင် အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  9. ဆီပူလာတာနဲ့ ငရုတ်သီးထောင်နှင့် ပျဉ်းတော်သိမ်းရွက်ကို ထည့်ပြီး ဆီသတ်ပေးပါ
  10. ဆီသတ်နံ့မွှေးလာတာနဲ့ အသီးများနှင့် ကြက်သားမှုန့် ဆားကိုထည့်ပြီး ဆီသတ်ပါ
  11. အသီးများ လုံးမိသွားတာနဲ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  12. ပထမ တစ်ရည်ခမ်းပြီး အသီးများ မနူးတစ်နူး အချိန်မှာ ရေလိုသလောက် ထပ်ထည့်ပြီး အသီးများ နူးအောင် တည်ပေးပါ
  13. ရေပွက်ပွက်ဆူပြီး အသီးများ နူးလာတာနဲ့ မန်ကျည်းသီးမှည့် အရည်ကိုထည့်ကာ ငံပြာရည်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  14. အရည်များများ လိုချင်ပါက ဟင်းရည်ကို လိုသလောက် အနေထားပြီး အရသာကို လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
  15. အဆင်သင့် ကြော်ထားသော ပလာတာနှင့်စားရန် အသီးအရွက်ဟင်းကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။