Friday, 10 November 2023

ဆန်ခေါက်ဆွဲ အစပ်ကြော်

 


ဒီနေ့တော့ ဆန်ခေါက်ဆွဲကို ခပ်စပ်စပ်လေး စားချင်တာနဲ့ အသားမပါဘဲ ကြော်စားဖြစ်ပါတယ် မာမာက အသားသိပ်မစားတဲ့အတွက် အသားမထည့်တာ ဖြစ်ပေမဲ့ မိမိက အသားပါမှ ကြိုက်တယ်ဆိုရင်တော့ မိမိနှစ်သက်ရာ အသားကို ထည့်ကြော်လို့ရပါတယ်။

ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဆန်ခေါက်ဆွဲအစို - လေးဆယ်သား
  2. တရုတ်မုန့်ညှင်းဖြူ - လေးရွက်ခန့်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  14. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ​ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ငရုတ်သီး အကြမ်းဖတ်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဂေါ်ဖီ တရုတ်မုန့်ညှင်းနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ကြက်သွန်မိတ်ကိုထည့်မွှေပေးပြီးပါက ဆန်ခေါက်ဆွဲ အစပ်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Thursday, 9 November 2023

ခရမ်းကြွတ်သီး ငပိချက်

 


ဒီနေ့တော့ ခရမ်းကြွတ်သီးလေးတွေ ၀ယ်လာပြီး ခပ်စပ်စပ် ငပိချက်လေး ချက်လိုက်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းကြွတ်သီး ငပိချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကြွတ်သီး - ဆယ့်နှစ်လုံး
  2. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  3. ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာကို လှီးပေးပြီး လေးစိတ်လှီးပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးစိမ်းနှင့် ငရုတ်သီး အစိမ်းမှုန့်တို့ကို ရောပြီးထောင်းထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ပေးကာ ရေစစ်ပြီး ညက်နေအောင် ထောင်းထားပါ
  • အိုးတစ်လုံးထဲမှာ ခရမ်းကြွတ်သီးများ ဆီ မျှင်ငပိ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်း ဆား အရသာမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  •  ပြီးတာနဲ့ ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးကာ ဟင်းအိုးမကပ်စေရန် မမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ရေ မခမ်းခင် အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
  • ခရမ်းသီးများ နူးအိလာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းကြွတ်သီး ငပိချက် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Wednesday, 8 November 2023

သခွားသီးသုပ်

 

ဒီ နေ့တော့ သခွားသီး တောသုပ်လေး သုပ်ဖြစ်ပါတယ် သခွားသီးသုပ် သုပ်တဲ့အခါ မာမာကတော့ မာမာ့တို့အမေ သုပ်တဲ့နည်းအတိုင်း ငါးပိရည်ဖျော် ကောင်းကောင်းလေးနဲ့ သုပ်ရတာကို ပိုပြီးတော့ ကြိုက်ပါတယ်။

ဒါကြောင့်မို့လို့ မာမာက ငါးပိရည်ကျိုကို ပုဇွန်ထုတ်မီးကင် ကြက်သွန်ဖြူမီးကင် ငရုတ်သီးစိမ်းမီးကင်လေးတွေနဲ့ ထောင်းပြီး အဖျော်လုပ်ထားပြီး သခွားသီးသုပ်ဖို့ ပြင်ထားပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပင်စိမ်းရွက် - နှစ်သက်သလောက်
  4. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  5. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ထုတ်ကို မီးကင်ပြီး အခွံခွာထားပါ
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ငါးငပိရည်ကို ကျိုပေးပြီး အရိုးစစ်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ပုဇွန်ထုတ် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ငါးပိရည်ပန်းကန်ထဲကို ငရုတ်သီး အလှော်မှုန့်  ပုဇွန်ထောင်းနှင့် အရသာမှုန့်တို့ထည့်ပြီး ဖျော်ပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ ပင်စိမ်းရွက်နှင့် ငါးပိရည်ဖျော် တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • ပိုနေသော ငါးပိရည်ဖျော်ပြီးသားကို ထမင်းပွဲမှာ တို့စရာနှင့် တွဲဖက်စားသုံးရန် သိမ်းထားပါ
  • သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်းစားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ

Monday, 6 November 2023

ချဉ်ငံစပ် မှိုငပိချက်

 


မာမာ ဒီနေ့တော့ မှိုကို ချဉ်ငံစပ် ငပိချက်လေး ချက်ပါမယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. King oyster mushroom - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. သံပုရာသီး - တစ်ခြမ်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း အနီရောင် - မိမိနှစ်သက်သလောက်
  10. မျှင်ငါးပိ - အနည်းငယ်

ပြင်ဆင်ပုံ
  • မှိုများကိုရေဆေးပြီး မထူမပါးလေးတွေ ပုံပါအတိုင်း နွှင်ပေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • အရည်လေးနဲ့  ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး အရောင်တင်မှုန့်ထောင်း ငရုတ်သီးစိမ်းထောင်းတို့ကို ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မှိုကိုထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • နောက်တစ်ခါ ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ သံပုရာရည် ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် ချိုချဉ်ငံစပ် အရသာ ရလာအောင်  လိုသလို ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ နယ်ဆမ်းမှာ ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ ချဉ်ငံစပ်ပြီး စားလို့ကောင်းတဲ့ အနေအထားလေး ရတာနဲ့ မီးပိတ်ကာ မှိုငပိချက်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 5 November 2023

အမဲအကြောဟင်း


ဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ငရုတ်သီး အကြမ်းဖတ်နဲ့ ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။
အမဲအကြော တို့ရဲ့ သဘာဝက မာတဲ့အတွက် ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲအကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အကြမ်းဖတ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  • ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
  • အမဲ အကြောများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Saturday, 4 November 2023

ဝက်ရိုးပေါင်းဟင်းချို

 


မနေ့က ဈေးသွားရင်းက ဟင်းချိုချက်ဖို့ ဝက်ရိုးလေးတွေ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ဝက်ရိုးပေါင်း ဟက်းချိုလေး လုပ်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ဝက်ရိုးပေါင်း ဟက်းချိုရည် လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်ရိုး -500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ကြက်သွန်မိတ် - အနည်းငယ်
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  8. နှမ်းစေ့ - အနည်းငယ်
  9. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်ရိုးထည့်ရန်)
  10. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်ရိုးများကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဝက်ရိုးပေါင်းဖို့ ပြင်ဆင်ပေးပါ
ဝက်ရိုးပေါင်းရန်
  • ပန်ကန်ထဲမှာ ထည့်ထားသော ဝက်ရိုးများကို နှမ်းစေ့ ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောက် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ဝက်ရိုးပေါင်းမည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ဝက်ရိုးပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ဝက်ရိုးပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ဝက်ရိုးပန်းကန်ထဲမှ ဝက်ပြုပ်ရည်ထဲကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောက အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ဝက်ရိုးပေါင်း ပန်ကန်ကို အပြင်သို့ ထုတ်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းမှုန့် ထည့်ပေးကာ သုံဆောင်နိူင်ပါပြီ။

Wednesday, 1 November 2023

ပဲလွန်းနှပ် စိမ့်စိမ့်လေး







ဒီနေ့တော့ ငါးပိရည်ဖျော်လေး လုပ်မိတာနဲ့ ပဲနှပ်လေးလဲ ချက်မိပါသေးတယ် မြန်မာပြည်မှာ ဆိုင်တော့ ပံလွန်းလို့ ခေါ်ကြပြီး မာမာတို့ဆီမှာတော့ black eye ပဲလို့ခေါ်ကြပါတယ်။

ထမင်းပူပူလေးကို ပဲနှပ်လေးရယ် ငါးပိရည်ဖျော် စပ်စပ်လေးရယ် နယ်စားလိုက်ရင်တော့ ထမင်းစားလို့ မြိန်စေအုံးမှာ အမှန်ပါဘဲ။
ဒါကြောင့်မို့လို့ မာမာပြင်တင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ပဲနှပ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. ပဲလွန်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲမှာ ပဲကိုထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ပဲများအားလုံး ရေမြုပ်အောင်ထည့်ပြီး သုံးနာရီလောက် ရေစိမ်ပေးပါ
  • ရေစိမ်ထားသော ပဲများပွလာတာနဲ့ စိမ်ထားသော ရေများကို သွန်လိုက်ပါ
  • ပဲများကို ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပြီး ဆားနှင့် ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပထမတစ်ရည်ခမ်းပြီး ပဲမနူးသေးပါက ရေကိုချင့်ချိန်ပြီး ထပ်ထည့်ကာ ပဲများနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများ နူးလာတာနဲ့ မီးပိတ်ပေးပြီး ရေများကို သွန်ပါပေးပြီး ရေစစ်ထားပါ
ပါနှပ်ရန် ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးသားပဲ - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. နနွင်းမှုန့် - လက်ဖက်ရညိဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပဲနှပ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် အမြှောင်းလေးတွေ လှီးပေးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အိအိလေး ဖြစ်သွားအောင် ကြော်ပေးပါ
  • ကြက်သွန်များ အိသွားတာနဲ့ ပဲပြုပ် ငံပြာရည် ဆားနှင့်အရသာမှုန့်တို့ ထည့်မွှေပြီး ကြော်ပေးပါ
  • ချင်းနံ့လေး သင်းလာတာနဲ့ ပဲနှပ်အိအိလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။။