Thursday, 12 October 2023

သတ်သတ်လွတ် ပဲပင်ပေါက် ပဲပြားကြော်


ဝါတွင်းကာလ သတ်သတ်လွတ် စားဖွယ်ရာလေးတွေ ချက်ဖြစ်ပါတယ် သတ်သတ်လွတ် အသီးအရွက်ဟင်း ဆိုတာမျိုးကလဲ ချက်တတ်မှ စားကောင်းပါတယ်။
အခုလို ပဲပင်ပေါက် ပဲပြားကြော်လေးကလဲ  ကြော်တတ်ရင် တော်တော်လေးကို အဆင်ပြေပြီး စားလို့ကောင်းပါတယ် ပဲပင်ပေါက်ကြော်က ကြော်နေရင်းနဲ့ ထွက်လာတဲ့ အရည်တွေကြောင့် ရေစွတ်ပက်နဲ့စားရတာ အဆင်မပြေပါဘူး။

ဒါ​ကြောင့်မို့လို့ ဒီနေ့တော့ ပဲပင်ပေါက်ပဲပြားလေးကို အဆင်ပြေပြေ စားနိုင်ဖို့အတွက် မာမာ ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပင်ပေါက် - 200 g
  2. တို့ဟူး - တစ်တုံး (အနေတော် အတုံးကို သုံးပါ )
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • တို့ဟူးကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပဲပြားကို နဲနဲမာအောင် ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲပြားကြော်ကို ပြန်ထဲ့ပြီး မိနစ်၀က်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီး အရသာ သမအောင် မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ သတ်သတ်လွတ် ပဲပင်ပေါက်ကြော်လေး ရပါပြီ
  • ထမင်းပူပူလေးနဲ့ မိမိနှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 11 October 2023

ပိန်းဥဟင်း အရည်သောက်ဆမ်းဟင်း





ဒီနေ့တော့ မာမာ့အိမ်မှာ စိုက်ထားတဲ့ ပိန်းပင်လေးတွေ စားလို့ရပြီဖြစ်လို့ ဥဖော်ပါတယ် ပိန်းဥလေးတွေ ရလာတော့ ကိုယ်စိုက်တဲ့အပင်က ရလာတဲ့ ပိန်းဥလေးတွေကို ချက်စားရမှာမို့ သမျှောတာတစ်ဝက် အပျော်တစ်ဝက်တော့ ဖြစ်ခဲ့ရပါသေးတယ်။


ဒါပေမဲ့လဲ အရည်သောက်ဆမ်း ဟင်းလေးတစ်မယ် ရလေအောင် ချက်ဖြစ်ပြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပိန်းဥအရည်သောက်ဆမ်းဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန်းဥ - 500 g
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပုဇွန်ခြောက်  - ဆယ့်ငါးကောင်ခန့်
  10. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံး
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိန်းဥဆေးရန်)
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်ပြီး ရေဆေးပေးပါ
  • ပိန်းဥအလုံးကြီးပါက အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ပိန်းဥအခွံခွာတဲ့အခါ အခန့်မသင့်ရင် လက်ယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကို ခွာပေးပါ
  • ပုဇွန်ကိုခြောက်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ အခွံခွာထားသော ပိန်းဥ  ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးထောင်းပြီးသား  အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး သုံးမိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ လုံးမိတာနဲ့ ရေကိုမြုပ်အောင်ထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာတဲ့အထိ တည်ပေးပြီး ပိန်းဥများ နူးလာတာနဲ့ ဟင်းရည်အပျစ် အကျဲကို လိုသလို ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 10 October 2023

ကြက်သားစင်းကော ကြက်ဟင်းခါးသီးကြော်



မာမာ ဒီနေ့တော့ ကြက်ဟင်းခါးသီးကို ကြက်သားစင်းကောနဲ့ ကြော်ချက်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်ဟင်းခါးသီး ကြော်ချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ကြက်သားစင်းကော - ထမင်းစားဇွန်း လေးဇွန်းစာခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း (ဟင်းချက်ရန်)
  11. ဆီ ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
  12. ဆား - လက်ဘက်ရည်ဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)

ကြက်ဟင်းခါးသီးပြုပ်ရန်
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ဖယ်ထားလိုက်ပါ
  • အိုးထဲမှာ ဆီ ရေနှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့  ကြက်ဟင်းခါးသီးထည့်ပြီး နှစ်မိနစ်ခန့် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေပူများသွန်ပြီး ရေစစ်ထားပါ
ဟင်းချက်ရန်
  • ခပ်နုတ်နုတ် စင်းထားသော ကြက်သားကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ညက်အောင်ရောပြီး ထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ထောင်းထားတာကို နွမ်းပြီး မွှေးသွားတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားစင်းကောကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
  • ကြက်သား အသားများ မာလာပါက ရေအနည်းငယ်ထည့်ကာ ရေခမ်းတဲ့အထိ ကြော်ပေးပါ
  • ကြက်သား ရေခမ်းတာနဲ့ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး မွှေပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ကြက်ဟင်းခါးသီးက ပြုပ်ထားတဲ့အတွက် အကြာပြီး ကြော်စရာမလိုဘဲ နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ကြက်ဟင်းခါးသီးကြော် ပူပူလေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

Sunday, 8 October 2023

မုံလာဥဖြူ ချည်ရည်ဟင်း

 






ဒီနေ့တော့ မုံလာဥဖြူကို ပုဇွန်ခြောက်မှုန့်နဲ့ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥ - ငါးပင် (အပင်နဲ့ဥတွဲရက်)
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  3. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပုဇွန်ထုတ် - ၁၅ကောင်ခန့်
  15. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • မုံလာဥဖြူကို အခွံခွာပြီး သင့်သလိုလှီးကာ ရေဆေးထားပါ
  • ပုဇွန်ခြောက်မှုန့်ကို အဆင်သက့် ပြင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ လှီးထားသော  မုံလာပင် ခရမ်းချဉ်သီး ပုဇွန်ခြောက်မှုန့် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ  မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင် အုပ်ပေးကာ မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Saturday, 7 October 2023

ချဉ်ငံစပ် နန်းကြီးသုပ်




ဒီတစ်ခါတော့ အရင်ရက်က ကြက်သားကို အုန်းနို့နဲ့ ချက်ထားတဲ့ ချက်ပြီးသားလေး အဆင်သင့် ရှိတာနဲ့ လွယ်ကူမြန်ဆန်စွာ  နန်းကြီးသုပ်လေး သုပ်စား ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်စားတဲ့ နန်းကြီးသုပ် သုပ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
  2. ကြက်ရင်ပုံသား - 350 g 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
  4. ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
  5. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
  6. ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
  9. ကြက်သွန်နီ - အလုံးခပ်သေးသေး ငါးလုံးခန့် (ပဲဟင်းရည်ထဲထည့်ရန်)
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန် းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
  11. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  12. ဆား - လိုသလောက် သုံးပေးပါ
  13. ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
  14. အုန်းနို့ - ဟင်းပြင်ပန်းကန် တစ်လုံးစာ (ကြက်သားထဲ ထည့်ချက်ရန်)
  15. ဆီ - လိုသလောက် သုံးပေးပါ
  16. အရသာမှုန့် - လိုသလောက် သုံပေးးပါ
  17. ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
  18. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
  19. အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
  20. သံပုရာသီး - လိုသလောက် သုံးပေးပါ
  21. နံနံပင် - လိုသလောက် သုံးပေးပါ
  22. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
  1. ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  5. ဆီသတ်နံ့မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  6. ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
  7. အရသာ သမလောက်တာနဲ့ အုန်းနို့နှင့် ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  8. ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
  • ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
  • မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
  • မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
  • ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
  • အုန်းဆီချက်ပြီးသားကို ပြင်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း လေးဇွန်းထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ လှီးထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ နွမ်းသွားပြီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပါ
  • ပဲအစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခန့်နှင့် ပျော်အောင် ဖျော်ပေးပါ
  • ပဲမှုန့်အရည်ပျော်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး အပူပေးပါ
  • ပူလာတာနဲ့ ပဲမှုန့်မျာ လုံးထွေးပြီး ကပ်မသွားစေရန် သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
  • ပဲမှုန့်မျာ ပဲစိမ်းနံ့ ပျောက်လာတာနဲ့  ပဲရည်အပျစ်အကျဲအတွက် မိမိစိတ်ကြိုက် ရေလိုသလောက်ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ဆား အရသာမှုန့် ဆီသတ်ထားသော ငရုတ်သီးဆီသတ်နှင့် အုန်းဆီချက်တို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပဲရည်အိုး တည်နေစဉ် ဝေကျတတ်တဲ့အတွက် သတိထားပြီး တည်ပေးပါ
  • ကြက်သွန်နီဥများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
  • နန်းကြီးသုပ်ထဲ ထည့်ရန်နှင့် အသုပ်နှင့် တွဲဖက်စားရန် ပဲဟင်းအရည်သောက်လေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
  1. နန်းကြီးဖတ်များကို ပြင်ထားပါ
  2. ကြက်သားချက်ပြီးသားကို ပြင်ထားပါ
  3. သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  6. ငါးဖယ်ကြော်ပြီးသားကို ပြင်ထားပေးပါ
  7. အရသာမှုန့်ကို ပြင်ထားပါ
  8. ပဲအကျက်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  9. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိူင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည် ကြက်ဥ ငါးဖယ်ကြော်နှင့် ပဲဟင်းရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
  10. အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲပေါ်မှာ အကြွတ်ကြော် ထည့်ပေးပြီး ပဲဟင်းရည် ချိုချိုလေးနှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Thursday, 5 October 2023

ကြက်ပေါင်ကင်

 



ဒီနေ့တော့ ကြက်ပေါင်သားကို အရသာနှပ်ကာ ကြက်သားလေး ကင်ဖြစ်ပါတယ် အရသာကမွှေးပြီး စားလို့ကောင်းတဲ့အတွက် ကြက်ကင်လေး ကင်စားကြည့်ရအောင် မာမာကင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်  - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ထောပါတ်ဆီ - ထမင်းစားဇွန်း လေးဇွန်း
  9. အကင်အိုး သို့မဟုတ် အောက်ခြေထူသော - ဒယ်အိုး
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ကြက်သားကို ဆား နှမ်းဆီမွှေး နနွင်းမှုန့် အရသာမှုန့် ကြက်သွန်ဖြူမှုန့် နှင့် ချင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  •  အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်မှာ  အနည်းဆုံး နှစ်နာရီလောက် နှပ်ထားပေးပါ
  • အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ထောပါတ်ဆီ အနည်းငယ် သုတ်ပေးပါ
  • အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတစ်လုံးကို အသုံးပြုပြီး ကင်ပေးပါ
  • မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
  • ဒယ်အိုးကို low heat နှင့်  အပူပေးကာ ပူလာတာနဲ့ ထောပါတ်ဆီ ထည့်ပေးပါ
  • ထောပါတ် ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  • ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
  • ကြက်သားကင် တစ်ဖက်ကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တစ်ဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  • နောက်တစ်ဖက်ကိုလဲ ၃မိနစ်လောက် ကင်ပေးပါ
  • အထက်ပါ နည်းအတိုင်း တစ်ဖက်ကိုလှန်ပေးလိုက် ကင်ပေးလိုက်ကို လေးခါလောက် လုပ်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီးပါက ထောပါတ်နံ့သင်းနေသော ကြက်သားကင် မွှေးမွှေးလေး ရပါပြီ
  • ထမင်းပူပူလေးနဲ့ဘဲ စားစား အသီးအရွက်သုပ်ထဲဘဲ ထည့်စားစား အရမ်းကို အရသာ ကောင်းမွန်လွန်းတဲ့ ကြက်သားကင်လေး ကို ပြင်ဆင်ကာ စားသုံးနိူင်ပါပြီ။

Tuesday, 3 October 2023

သတ်သတ်လွတ် ဆန်ပြားကြော်

 



ဒီနေ့တော့ ဆန်ပြားခေါက်ဆွဲဖတ်လေးတွေ ကိုယ့်ဘာသာကိုယ် လုပ်လိုက်ပြီး အသီးအရွက် များများနဲ့ ကြော်စားပါတယ် ကြော်ပြီးပြီးချင်း ပူပူလူလူလေး စားလို့ကတော့ အရမ်းကို စားလို့ကောင်းတဲ့အတွက် ကြော်စားကြည့်နိူင်အောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - 500 g
  2. ဘဲဥ - တစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  4. ကိုက်လံ - အနေတော် တစ်ပင်
  5. ပဲပင်ပေါက် - နှစ်သက်သလောက်
  6. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လွီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကိုက်လံကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော််လာပြီး  ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကိုက်လံနှင့် မုံလာဥနီတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အသီးအရွက်များကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲ ကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပြီးပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက်နှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။