မာမာဒီနေ့တော့ မျှင်ငပိထောင်း ထောင်းဖြစ်တာနဲ့ သင်္ဘောသီးသုပ်ကို တောသုပ် ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ် မာမာတို့ ငယ်ငယ်က ကျောင်းပိတ်ရက်ဆိုရင် မိသားစုလိုက် ခြံထဲကို သွားကြပါတယ်။
ခြံထဲရောက်တာနဲ့ လတ်လတ်ဆတ်ဆတ် အသီးတွေခူးပြီး အမေသုပ်ကျွေးတဲ့ အသုပ်လေးတွေကို စားရပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သင်္ဘောသီးသုပ် တောသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- သင်္ဘောသီးစိမ်း အနေတော် - တစ်လုံး
- မျှင်ငပိ - ထမင်းစားဇွန်း သုံးဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- သင်္ဘောသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး ခြစ်ထားပါ
- အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
- မျှင်ငပိကို မွှေးလာအောင် မီးကင်ထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
- ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
- ပြီးတာနဲ့ မျှင်ငပိမီးကင်ကို ငရုတ်သီး အလှော်မှုန့် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
သင်္ဘောသီးသုပ်ပုံ
- ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သင်္ဘောသီး ပုဇွန်ခြောက်မှုန့် အရသာမှုန့် သံပုရာရည်နှင့် ငပိထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
- သင်္ဘောသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သင်္ဘောသီး တောသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment