Tuesday 25 July 2023

ချဉ်ငံစပ် မုန့်ဖတ်သုပ်

 



အခုတစ်လော ရာသီဥတုက အရမ်းအေးနေတော့ ဘာစားစား အရသာ မရှိသလိုဖြစ်ပြီး ခံတွင်းမလိုက်လေတော့ ချဥင်္ချဉ်ငံငံစပ်စပ် အသုပ်လေးကို  ဟင်းခါးပူပူလေးချက်လို့ အသုပ်စုံလေးတွေဘဲ စားချင်နေမိတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မုန့်ဖတ်ကို ခပ်စပ်စပ်လေးသုပ်ပြီး စားဖို့ပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ဟင်းခါးဖတ် - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  8. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  9. ငါးငံပြာရည် - လိုသလောက်
  10. နံနံပင် - လိုသလောက်
  11. ကြက်သွန်ဖြူ  - လိုသလောက်
  12. ဂေါ်ဖီ - အရွက်ကြီးကြီး သုံးရွက် (ဟင်းခါးချက်ရန်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (ဟင်းခါးချက်ရန်)
ကြက်သွန်ဖြူဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အဝါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်မျာနှင့် ရောပေးပါ
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  3. မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူမှာ စိမ်ထားပါ
  4. ဆီချက်
  5. ငါးငံပြာရည်
  6. ပုဇွန်ခြောက်မှုန့်
  7. ပဲအကျက်မှုန့်
  8. ငရုတ်သီး အလှော်မှုန့်
  9. ကြက်သားမှုန့်
ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါး လှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးနွေးနွေနဲ့ တည်ထားပါ
အသုပ်တစ်ပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ မုန့်ဖတ်နှင့် ကြက်သွန်နီတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပြီး အရသာကို မြည်းပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ချဉ်ငံစပ် အသုပ်ပွဲကို ပြင်ပေးပါ
  • ချဉ်ငံစပ် အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment