မာမာ ဒီနေ့တော့ ဆယ်လ်မွန်ငါးနဲ့ မျှစ်ပြုပ်ပြီးသားလေးတွေကို အရည်သောက်ဆမ်းလေး ချက်ပါမယ် မျှစ်နဲ့ အသားတစ်ခုခု ရောပြီး ချက်လေတိုင်း အသားက အရသာ နည်းသွားပေမဲ့ မျှစ်ရဲ့ အရသာက အရမ်းကို ပိုကောင်းသွားပါတယ်။
လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မျှစ်ပြုပ်ပြီးသား - 1 kg
- ဆယ်လ်မွန်ငါး - သုံးတုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ချင်း - ခပ်ပါးပါး ၃ပြားလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- ခရမ်းချဉ်သီး- အနေတော်လေးလုံး
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မျှင်ငါးပိ - အနည်းငယ်
- နံနံပင် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- ငါးတုံးလေးတွေကို ရေစင်အောင်ဆေးပြီး ရေစသ်ပေးပါ
- ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
- မျှစ်ပြုပ်ပြီးသားကို ရေငါးထပ်လောပ်နဲ့ ဆေးပေးကာ မိမိနှစ်သက်သလို လှီးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
- ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီးခပ်ပါးပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
- ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ငရုတ်သီး အရောင်တင်မှုန့် ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ခရမ်းချဉ်သီး ငါးခေါင်းနဲ့ မျှစ်တို့ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
- အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
- ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ ငါးနဲ့ မျှစ် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment