Wednesday 8 June 2022

အမဲသားစင်းကော ခရမ်းသီးနှပ်

 


မာမာဒီနေ့တော့ အမဲသား စင်းကောလေးနဲ့ ခရမ်းသီး နှပ်ပါတယ် ရာသီဥတု အေးအေးလေးမှာ ငရုတ်သီး ခပ်စပ်စပ်လေးနဲ့မှ လိုက်ဖက်မှာမို့လို့ ငရုတ်သီး အနှစ်များများနဲ့ ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး - အလုံးကြီးကြီး သုံးလုံး
  2. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး လေးမွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
  4. အမဲသားစင်းကော - 200 g
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
  • အမဲသားကို ရေဆေပြီး ညက်နေအောင် စင်းထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးမှုန့် ဆား အရသာမှုန့် နနွင်းမှုန့်နှင့် အမဲသားတို့ပို  ဇလုံတစ်လုံးမှာ ရောနယ်ထားပေးပါ
  • ခရမ်းသီးကို အညှာမဖြုတ်ဘဲ အညှာနားထိ လေးစိတ်စိတ်ပြီး ရေဆယ်မိနစ်လောက် စိမ်ထားပေးပါ
  • ပြီးမှရေစစ်ပြီး  အားလုံးရောနယ်ထားသော အစာများကို ခရမ်းသီးစိတ်များကြားထဲ သွပ်ပေးပါ 
  • အစားသွပ်ပြီးသော ခရမ်းသီးများကို ဒယ်အိုးထဲတွင် ရေမြုပ်အောင်ထဲ့ပြီး ဆီထဲ့၍ အဖုံးအုပ်ပြီး တည်ထားပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အရမ်းမခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ရေခမ်းပြီး ခရမ်းသီး နူးအိသွားပါက အမဲသား ခရမ်းသီးနှပ် စပ်စပ်အိအိလေးကို ထမင်းပူပူလေးနှင့် စားသုံးလို့ ရပါပြီ။

No comments:

Post a Comment