Tuesday 14 June 2022

ငါးဆားနယ်လုပ်နည်း

 




မာမာ ဒီနေ့တော့ ငါးဆားနယ်လေး လုပ်ဖြစ်ပါတယ် ငါးဆားနယ်နဲ့ ငါးပိကောင် လုပ်နည်းလေးက ခပ်ဆင်ဆင် တူပေမဲ့ ငါးဆားနယ်က ရက်တိုတို အတွင်းမှာ ကြော်စား ချက်စား စားလို့ရပါတယ်။

ငါးပိကောင်ကတော့ ငါးဆားနယ်လုပ်ရတဲ့ ရက်ထက် သူ့ကို ရက်ကြာကြာလေးထားမှ ငါးပိကောင် အရသာ ရလာပါတယ်။

ဒါကြောင့်မို့လို့ မာမာတို့ နယ်ဘက်က ဘောလယ်ငါးပိလုပ်နည်း ငါးပိကောင်လုပ်နည်း ငါးဆားနယ်လုပ်နည်းလေးတွေထဲက ငါးဆားနယ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး တစ်ကောင် - တစ်ကီလိုခန့်
  2. ဆား - ထမင်းစားဇွန်း လေးဇွန်းမောက်မောက် 
ငါးဆားနယ်လုပ်ရန်
  1. ငါးကို ငါးခေါင်း ဆူးတောင်များ အကျေးခွံများနှင့် ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲမှာထဲ့ပြီး ဆားအရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးကို ထဲ့ပေးပါ
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး ဇလုံထဲ ထည့်ပေးကာ အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ
  6. နှစ်ရက်လောက် ရပါက ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ထွက်လာလျှင် သွန်မပြစ်ဘဲ ဒီအတိုင်း ထားပေးပါ
  7. ရေခဲသေတ္တာထဲ့ ထဲ့စရာ မလိုဘဲ မီးဖိုဆောင် အတွင်းရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ
  8. ရေခဲသေတ္တာထဲ ထည့်လိုက်ပါက ငါးဆားနယ် အနံ့ အရသာ မရတော့ဘဲ ရေခဲရိုက်ထားသော ငါးအရသာကြီးသာ ရလာပါလိမ့်မယ်
  9. မီးဖိုဆောင် အခန်းအတွင်းမှာ သုံးရက်မှ လေးရက်အတွင်း ထားလိုက်ရင် ငါးဆားနယ် အနံ့လေးမွှေးကာ မာတင်းနေသော ငါးဆားနယ် ရပါပြီ။

No comments:

Post a Comment