ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေးပါ အသည်းဟင်းချက်ရင် မချက်တတ်တဲ့အခါ အရမ်းညှီပါတယ် နကိုထဲက သံဓါတ်များတဲ့ အစာမို့ ချက်တဲ့အခါမှာ အနံ့မပြင်းစေဖို့ ဟင်းခတ် အမွှေးအကြိုင်လေးတွေ သတိထားပြီး ထည့်ပေးဖို့တော့ လိုပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်အသည်း - 500g
- ကြက်သွန်နီ - အနေတော် တလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- လေးညှင်း - တပွင့်
- ဖာလာစေ့ - တခု
- စမုံစပါး - ၁၀စေ့ခန့်
- ကရဝေးရွက် - တရွက်
- ချင်း - လက်တဆစ်ခန့်
- စပါးလင် - တလက်မခန့်
- မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ပြင်ဆင်ပုံ
- ကြက်အသည်းကို ရေဆေးပြီး ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ
- ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် စပါးလင်တို့ကို ရောပြီး ထောင်းထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကို အနည်းငယ်ထုပြီးထည့်ကာ ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
- ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာမွှေပေးပါ
- အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းပါ
- လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေး ရပါပြီ
ကြက်အသည်းဟင်းကို ငံပြာရည် မသုံးထားပါ ငံပြာရည်သုံးပါက သံဓါတ်အနံ့ကို ပိုပြီးပြင်းစေပါတယ်။