Friday, 28 June 2013

ပုဇွန်ထုတ် မုန့်ညှင်းကြော်

ပုဇွန်မုန့်ညှင်းကြော်
ဒီနေ့ကြော်ဖြစ်တဲ့ မုန့်ညှင်းကြော်လေးပါ ကြော်ရတာ လွယ်သလောက် ထမင်းပူပူလေးနဲ့ဆို ထမင်းအရမ်းမိန်တဲ့  ဟင်းတစ်မယ်ပါ အသီးအရွက်ကြိုက်သူတို့အတွက် အရမ်းကောင်းတဲ့ ဟင်းလေးပါ မာမာကတော့မုန့်ညှင်းဆို ဘယ်လိုမုန့်ညှင်းဘဲဖြစ်ဖြစ် အရမ်းကြိုက်တာမို့ ရရာအသားနဲ့ ကြော်ကြော်စားတတ်ပါတယ်။

မုန့်ညှင်းရွက်က သတ်သတ်လွတ်လေးလဲ ကောင်းတာမို့ အသားမရှိရင် ဒီအတိုင်းလေးလဲ အဆင်ပြေပါတယ် လွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်မယ်မို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အနေတော်ပိုင်းဖြတ်ထားသော မုန့်ညှင်း -  သုံးပင်
  • အခွံချွတ်ခေါင်းဖြုတ်ကာ ကြောမှထက်ခြမ်းခွဲပြီး အမဲကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ဆယ့်ငါးကောင်
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား -လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
ကြော်ရန်
  • မီးပြင်းပြင်းနဲ့ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို အရင်ထဲ့လိုက်ပါ
  • ဆီပူလာရင် မီးရှိန်နဲနဲ ထပ်လျှော့လိုက်ပြီး ကြက်သွန်ဖြူကို မွှေးသွားအောင်ကြော်လိုက်ပါ
  • ကြက်သွန်ဖြူမွှေးသွားပါက ပုဇွန်ကိုထဲ့ပြီး တစ်မိနစ်လောက်ကြော်လိုက်ပါ
  • ပုဇွန်အသားများ လိပ်သွားပါက မုန့်ညှင်းရွက် ဆားနှင့်အရသာမှုန့်တို့ကို ထဲ့ပြီးကြော်ပေးပါ
  • မုန့်ညှင်းရွက်များနွမ်းလာပါက ပန်းကန်ထဲသို့ပြောင်းပေးပြီး ငရုတ်ကောင်းမှုန့်ဖြူးပေးပါ
  • အားလုံးပြီးသွားပါက အရသာချိုချို ငရုတ်ကောင်းနံ့သင်းတဲ့ မုန့်ညှင်းရွက်ကြော်လေးရပါပြီ။

No comments:

Post a Comment