Wednesday, 31 January 2024

ပဲတီချဉ်သုပ်

 



ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ပဲတီချဉ် အသုပ်လေး သုပ်ပါတယ် ပဲတီချဉ်သုပ် စားချင်တာလို့ မနေ့ကဘဲ အချဉ်တည်လိုက်ပြီး ဒီနေ့သုပ်စားပါတယ်။

ဒီအသုပ်လေးက  မာမာ့အကြိုက်ဆုံး အသုပ်တစ်မျိုးဆိုလည်း မမှားပါဘူး ကိုယ်တိုင်အချဉ်တည်ပြီးမှ သုပ်တာမို့လို့ အချဉ်အရသာ အနေတော်လေးနဲ့ သုပ်ထားပါတယ်။ 

ပဲတီက ချဉ်လွန်းရင်လည်း စားမကောင်းပါဘူး ချဉ်ယောင်ယောင်လေးမှာ သုပ်ပြီးစားမှ ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ 
  1. ပဲတီချဉ် ဟင်းပြင်ပန်းကန် အလတ် - တစ်လုံးစာ
  2. ကြက်သွန်နီ အနေတော် -  တစ်ဥ
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ကြက်သွန်နီ ဆီချက်  - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ငရုတ်သီး အကျက်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲတီချဉ်နှင့် ပါ၀င်ပစ္စည်းများ ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေး လှီးထားပါ
  • ဇလုံ တစ်လုံးထဲမှ ပဲတီချဉ်နဲ့အတူ ပါ၀င်ပစ္စည်းများကို ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲတီချဉ်သုပ် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

ငါးခူ ကြာဇံဟင်းခါး


ဒီနေ့တော့ အလှူတွေမှာ မပါမဖြစ် ချက်လေ့ ချက်ထရှိတဲ့ ဟင်းခါးအရည်သောက်ဆမ်းလေး ချက်ပါတယ် သောက်လို့ကောင်းပြီး ချက်နည်းလေး လွယ်ကူတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခူ - နေတော် တစ်ကောင်
  2. ပဲကြာဇံ - တစ်ထုံး (အထုံးသေး)
  3. ပဲလိပ် - အနေတော် တစ်ချောင်း
  4. ကြွက်နားရွက်မှို - ငါးခုခန့်
  5. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးခူဆေးရန်)
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးခူအရသာနယ်ရန်)
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးခူအရသာနယ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးပြီး လေးမွှာ
  9. ငရုတ်ကောင်းစေ့ လှော်ပြီးသား  - ရှစ်စေ့ခန့်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်ထဲထည့်ရန်)
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ဟင်းရည်ထဲထည့်ရန်)
ငါးကင်ရန် ပြင်ဆင်ပုံ
  • ငါးခူကို မလိုတာတွေဖယ်ပြီး ဆားနှင့်နယ်ကာ သန့်စင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ကင်ပြစ်ထဲထည့်ကာ မီးဖိုပေါ်တင်ပြီး ကင်ပေးပါ
  • ငါးတစ်ကောင်လုံး ကျက်သွားပါက အအေးခံပြီး အသားထွင်ထားပါ
ဟင်းခါးချက်ရန် ပြင်ဆင်ပုံ
  • ဂျုံကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ရေနာရီလောက်အထိ စိမ်ထားပါ
  • ပဲလိပ်ကို ရေမြုပ်အောင်ထည့်ပြီး ရေနာရီဝက်အထိ စိမ်ထားပါ
  • ကြွက်နားရွက် မှိုများကို ရေနာရီ၀က်လောက် စိမ်ထားပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထေားင်ထားပါ
  • အိုးတစ်လုံးထဲတွင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထည့်ပြီး တည်ပေးပါ 
  • ရေအိုးထဲတွင် အသားထွင်ထားသော ငါးခူ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ မှိုခြောက်နှင့် ပဲလိပ်တို့ကိုထည့်ပြီး နူးအောင်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ဂျုံကြာဇံ ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့် တို့ကို ဟင်းရည်အိုးထဲ ထည့်ပေးပါ
  • ပြီးတာနဲ့ နှစ်မိလောက် ဆူအောင်တည်ပေးပြီး အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောက် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပေးကာ ငါးခူကင်  ကြာဇံဟင်းခါး ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Tuesday, 30 January 2024

သတ်သတ်လွတ် ပဲငပိချက်

 



ဒီနေ့တော့ ပုဇွန်ခေါင်းချိုး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပဲငပိကို ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်သွားပါတယ် ထမင်းစားလို့ မြန်စေတဲ့ ဟင်းလေးတစ်မယ်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲငပိ အစပ်ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲငပိ -  ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး                                       
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို မညက်တစ်ညက် ရောထောင်းပေးထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုန်သီးထောင်းကို မိနစ်၀က် မရှိတရှိကြော်ပေးပါ။။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး အခွံများ  လိတ်သွားတဲ့ထိ ချက်ပေးပါ။
  • ပြီးတာနဲ့ ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ အရမ်းမခမ်းခင် ငရုတ်သီးစိမ်း ထည့်မွှေကာ အရသာမြည်ပြီးး လိုသလိုပြင်ပေးပါ။
  • ပြီးတာနဲ့ မီးပိတ်ပေးကာ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။ ပဲငပိကို အချိုသုံးပါက အငံအရသာအတွက် ငံပြာရည်ထည့်ပေးပါ မာမာကတော့ ပဲငပိအငံကို သုံးထားတဲ့အတွက် ငံပြာရည် ထည့်မထားပါ။

Monday, 29 January 2024

ငံပြာရည်ကြော်



မာမာဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ငံပြာရည်ကြော် စိုစိုအိအိလေး ကြော်ဖြစ်ပါတယ် ထမင်း ပူပူလေးနဲ့ နယ်ဖတ်ပြီး စားလို့ အရမ်းကောင်းပြီး ထမင်းစားလို့ မြိန်စေပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငံပြာရည်ကြော် စိုစိုအိအိ ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - တစ်ဆယ်သား
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
  4. ကြက်သွန်ဖြူ - ငါးကျပ်သား
  5. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း သုံးဇွန်းသာခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အစိမ်းမှုန့်  - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ငရုတ်သီးခွဲခြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ်ဇွန်း
  11. ဆီ - ဆယ့်ငါးကျပ်သား

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • မျှင်ငပိကို ရေနည်းနည်းနဲ့ အရည်ဖျော်ထားပါ
  • မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့် နှစ်မျိုးတို့ကို ထည့်ကြော်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီး ငရုတ်သီး အစိမ်းနံ့ ပျောက်ကာ အရောင်ပြောင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို ထည့်မွှေပါ
  • ပုဇွန်ခြောက်နံ့ မွှေးလာပါက အရသာမှုန့် နှင့် ရေစိမ်ထားတဲ့ မျှင်ငပိနှင့် မကျည်းအနှစ်ကို အဖတ်များဖယ်ပြီး ထည့်ပေးပါ
  • မျှင်ငပိအနံ့ မွှေးလာပါက အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • စိုစိုအိအိ အနေအထားလေး ရလာပါက မီးပိတ်ပေးကာ ငံပြာရည်ကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 28 January 2024

ချဉ်ရည်ဟင်း

 


ဒီနေ့တော့ မုန့်လာဥဖြူနဲ့  ရုံးပတေသီးလေးတွေရယ်ကိုရောပြီး ချဉ်ရည်ဟင်း တစ်မယ်ချက်ပါတယ် ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့ကောင်းလို့ ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥဖြူ - ခပ်ကြီးပြီး တစ်ဥ (450 g)
  2. ရုံးပတေသီး - ဆယ်တောင့်
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပုဇွန်ထုတ် - ဆယ်ကောင်

ပြင်ဆင်ပုံ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပုဇွန်ကို ရေဆေးပြီး မလိုတာတွေဖယ်ပြီး အခွံခြွတ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး အမြှီးနှင့် ထိပ်ဖက်တို့ကိုဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ပုဇွန်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည်ကို ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရုံးပတေသီးနှင့် နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥဖြူ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Friday, 26 January 2024

အမဲသား ဆီပြန်ဟင်း

 


ဒီနေ့တော့ အမဲသားကို ပျဉ်းတော်သိမ်းရွက် ခပ်များများလေးနဲ့ မဆလာ နိူင်နိူင်ထည့်ကာ ဆီပြန်လေး ချက်ပါတယ် မဆလာ ခပ်များများနဲ့ ချက်တဲ့အတွက် မဆလာ အနံ့ကြောင့် အမဲသားဟင်းက မညှီတော့ဘဲ ပိုပြီးစားလို့ ကောင်းပါတယ်


ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေပြီး စားလို့ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  4. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  5. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  6. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Thursday, 25 January 2024

ကြာဇံချက် (လူငါးဆယ်စာ)


ဒီနေ့တော့ ကြာဇံချက်ကို လူငါးဆယ်စာလောက် ချက်ချင်လို့ ပါဝင်ပစ္စည်းတွေ ဘယ်လောက်ထည့်ရမလဲလို့ မေးတဲ့ မိတ်ဆွေအတွက် မာမာ့အမေချက်တဲ့ အချိုးအစားကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဂျုံကြာဇံ - ခြောက်ဆယ်သား
  2. ကြက်ရင်ပုံသား - နှစ်ပိသာခွဲ
  3. ကြက်ရိုး - တစ်ပိသာ
  4. မှိုခြောက် – နှစ်ဆယ်သား
  5. ပဲလိပ်ခြောက် – နှစ်ဆယ်သား
  6. ပန်းခြောက် – နှစ်ဆယ်သား
  7. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း (ကြက်သားပြုပ်ရန်)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြက်သားပြုပ်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ရိုးပြုပ်ရန်)
  11. ကြက်သွန်နီ - ခပ်သေးသေး ငါးဆယ်သား (ဟင်းရည်ထဲထည့်ရန်)
  12. ကြက်သွန်နီ - အလုံးကြီးကြီး ငါးဆယ်သား (အချဉ်တည်ရန်)
  13. ကြက်သွန်နီ - သုံးဆယ်သား (ကြက်သားဆီသတ်ရန်)
  14. ကြက်သွန်ဖြူ - နှစ်ဆယ်သား (ကြက်သားဆီသတ်ရန်)
  15. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ တစ်၀က် (ဆီသတ်ရန်)
  16. ငရုတ်သီး အရောင်တင်မှုန့် – ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း (ဆီသတ်ရန်)
  17. ဆား - အရသာအတွက် လိုသလောက် သုံးပေးပါ
  18. ငါးငံပြာရည် - အရသာအတွက် လိုသလောက် သုံးပေးပါ
  19. အချိုမှုန့် - အရသာအတွက် လိုသလောက် သုံးပေးပါ
  20. ဆီ - နှစ်ဆယ်သား
  21. ကြက်သွန်ဖြူ  - တစ်ဆယ်သား (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  22. ငရုတ်ကောင်း - ထမင်းစားဇွန်း နှစ်ဇွန်း (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  23. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အချဉ်တည်ရန်)
  24. သံပုရာသီး - လိုသလောက် (အချဉ်တည်ရန်)
  25. ဆား - အရသာ လိုသလောက် (အချဉ်တည်ရန်)
  26. ဂေါ်ဖီ - နှစ်ထုတ် (အချဉ်တည်ရန်)
  27. နံနံပင် - လိုသလောက် သုံးပေးပါ
  28. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် 
ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာ၍ အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးကာ ရေဆေးတစ်ထပ် ဆေးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး ညှစ်ပြီး နယ်ထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
  6. ငရုတ်သီး အလှော်မှုန့်ကို  ပြင်ထားပါ
  7. ငါးငံပြာရည်ကို ပြင်ထားပါ
ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေဆေးပြီး ငါးငံပြာရည် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော်အိုးထဲမှာ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ

 ကြက်သားဆီသတ်ရန် ပြင်ဆင်ပုံ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ငရုတ်သီးထောင်းများ မွလာပါက ကြက်သားပြုပ်ကို ထည့်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာပါက မီးပိတ်ထားပါ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • အရင်ဆုံး ကြက်ရိုးများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ရိုး ပြုပ်နေစဉ် အပေါ်မှာ တက်လာသော အမြှုပ်များပို ခပ်ပြီးသွန်သွန်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လောက်ပါက မီးပိတ်ထားပေးပါ

ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တစ်လုံးစီမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်ပါက ပဲကြာဇံ ပဲလိပ်နှင့် ပန်းခြောက်တို့ကို ရေဆေးပြီ ရေစစ်ထားပါ
  • မှိုခြောက်မှာ ကပ်နေသော သဲနှင့်ခဲများ စင်သွားအောင် ရေ ငါးထပ်လောက် ဆေးပြီးရေစစ်ထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ကြက်ရိုးပြုပ်ရည် အိုးထဲကို ဆီသတ်ထားသော ကြက်သားများ ထည့်ပေးပါ
  • ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ဟင်းရည်အိုးကို ပွက်ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီ ပဲလိပ် မှိုခြောက် ပန်းခြောက်တို့ကို ထည့်ပေးကာ ပွက်ပွက် ဆူလာအောင် ထပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ပဲကြာဇံ ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပြီး ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်မှ ဖယ်ထားပေးပါ
  •  သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိူင်မည့် ကြာဇံချက် ပူပူလေး ရပါပြီ။